နေပြည်တော် ၃  ဇွန်        

                                                                        

ကုသရေးဦးစီးဌာနမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အထောက်အပံ့ဖြင့်ကျင်းပသည့် National Workshop on Infection Prevention and Control in Hospitals ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ကျင်းပသည်။  

 

အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သာထွန်းကျော်က ပြောကြားရာတွင် ဆေးရုံမှတစ်ဆင့် ရောဂါပိုးကူးစက်ခံရမှုကြောင့် ဆေးရုံတက်ရောက်တဲ့ကာလ ပိုမိုကြာမြင့်ခြင်း၊ ငွေကြေးကုန်ကျမှု ပိုမိုများပြားခြင်း၊ မိသားစု ပုံမှန်လုပ်ငန်းများ ထိခိုက်ခြင်း၊ ပဋိဇီဝဆေးယဉ်ပါးမှုများ ပိုမိုဖြစ်ပွားခြင်း၊ အဆိုးဝါးဆုံးအဖြစ် သေဆုံးခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် Infection Prevention and Control လုပ်ငန်းများကို အစဉ်တစိုက် အားဖြည့်ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

 

ဆေးရုံများရှိ Infection Prevention and Control လုပ်ငန်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲက ပို့ချဆွေးနွေးချက်များကို အခြေခံကာ မိမိတာဝန်ကျရာ ဆေးရုံများအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြပြီး ကူးစက်ရောဂါများ ကင်းဝေးကာ Quality of Health Care တိုးတက်လာရန် ဒေသခံပြည်သူများအတွက် အားကိုးအားထား ပြုလောက်သော စံပြဆေးရုံများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြစေရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။ 

 

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ WHO နှင့် ပြည်သူ့ဆေးရုံကြီးများမှ ကဏ္ဍအလိုက် Presentation များ တင်ပြကြပြီး Infection Prevention and Control လုပ်ငန်းများ ဆောင်ရွက်နေမှုများကို SWOT analysis ဖြင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် Action Plan ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

National Workshop on Infection Prevention and Control in Hospitals ကိုအဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းများ ဖော်ထုတ်ရန်နှင့် ပံ့ပိုးကူညီရန်၊ ထူးချွန်သောဆေးရုံများ၏ လုပ်ငန်းဆောင်ရွက်မှုများကို နမူနာယူကာ ဆောင်ရွက်နိုင်ရန်၊အခက်အခဲများကို ပူးပေါင်းဖြေရှင်းနိုင်ရန်နှင့် ပြည်ပလေ့လာရေးခရီး သွားရောက်ကာ လေ့လာခဲ့သူများ၏ အသိပညာဖြန့်ဝေနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်း ဖြစ်သည်။ 

 

အလုပ်ရုံဆွေးနွေးပွဲကို ဇွန်-၃ ရက်မှ ၄ ရက်အထိ နှစ်ရက်တာကျင်းပ ခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်ကုသရေး ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ ဆေးရုံ အုပ်ကြီး /ဆေးရုံအုပ်များ၊ သူနာပြုဆရာမကြီးများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)