ပွင့်ဖြူ ၃ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ် ချောင်းဆုံကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများအား နံရံကပ်စာစောင်၊ မှတ်တမ်းဓာတ်ပုံပြသခြင်းနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင် က ကျောင်းသား ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ တိုးပွားစေရေးအတွက် အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုကြရန်နှင့် စာပေဖတ်ရှုခြင်းသည် မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ပညာပေးရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပြီး၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဝင်းက ကျောင်းဖွင့်ရာသီများတွင် တစ်ကိုယ်ရေ ကျန်းမာသန့်ရှင်းစွာ နေထိုင်ရမည့်နည်းလမ်းများနှင့် အာဟာရပြည့်ဝသော အစားအစာများ ရွေးချယ်စားသုံးရန်အချက်များ၊ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ရန်နည်းလမ်းများကို ပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သက်ငယ်မုဒိမ်းမှု မဖြစ်အောင် ရှောင်ကြဉ်ရန်အချက်များ၊ လူကုန်ကူးမှုအန္တရာယ်ကြိုတင် ကာကွယ်ရန် နည်းလမ်းများကို ရှင်းလင်းဆွေးနွေး ဟောပြေသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသန္တာအောင်နှင့် ဝန်ထမ်းများအဖွဲ့က ချောင်းဆုံကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသားကျောင်းသူများအား စာပေအသိပညာဗဟုသုတ တိုးပွားစေရေး အတွက် သုတ/ရသ စာအုပ်စာစောင်များဖြင့် စာဖတ်ဝိုင်းများ ပြုလုပ်ခြင်း၊ နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဖွံ့ဖြိုးရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဒေသတွင်း ဖွံ့ဖြိုးရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ နံရံကပ်စာစောင်များကို ပြုလုပ်ဆောင်ရွက်ပေးရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစ်စား လေ့လာဖတ်ရှုခဲ့ကြသည်။
ထို့နောက် ပွင့်ဖြူမြို့နယ် ညောင်ပင်ဇောက်ကျေးရွာ သာမဂ္ဂီသုခပရဟိတလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်စန်းထွေးနှင့် တာဝန် ရှိသူများက အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသားကျောင်းသူ ၁၁၃ ဦးအတွက် ကျောပိုးအိတ် ၁၁၃ လုံးကို လည်းကောင်း၊ လေးအိမ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား ကျောင်းသူ ၇၃ ဦးအတွက် ကျောင်းသုံးဗလာစာအုပ် ၇၃ ဒါဇင်၊ ကွန်ပါဘူး ၇၃ ခုနှင့် စာရေးကိရိယာပစ္စည်းများကိုလည်းကောင်း အသီးသီး ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)
