နေပြည်တော် ၃ ဇွန်
အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်တင်သွင်းရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်တင်သွင်းရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးအောင်ထူးက ယနေ့အစည်းအဝေးတွင် အဖွဲ့ဝင်များ၏ ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ ပြင်ဆင်ထားသည့် ဥပဒေမူကြမ်းနှင့်တကွ အရက်ကိုအကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုရေးလုပ်ထုံးလုပ်နည်းမူကြမ်း၊ အရက်ကုန်ကြမ်းအဖြစ် တင်သွင်းနေမှုများကို ခွင့်ပြုသင့် မသင့် အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း။
သက်ဆိုင်ရာဌာနများအနေဖြင့် ယစ်မျိုးဥပဒေပြဋ္ဌာန်းနိုင်ရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေစဉ်အတွင်း မိမိတို့ကော်မတီအနေဖြင့် ပြည်တွင်းတွင် ထုတ်လုပ်သည့် စက်ရုံများ၊ ကုန်ကြမ်းအသုံးပြုမှု၊ ပြည်တွင်းရောင်းချမှု၊ ဝယ်လိုအားများအပြင် နိုင်ငံတကာ အရက်တင်သွင်းသူများ၏ သုံးသပ်တင်ပြချက်များကို ခြုံငုံသုံးသပ်ပြီး လူမှုဝန်းကျင်ကို ဆိုးကျိုးသက်ရောက်မှု နည်းစေနိုင်မည့် အရက်တင်သွင်းခွင့်မူဝါဒတစ်ရပ်ကို ယစ်မျိုးဥပဒေပြဋ္ဌာန်းမည့် ကာလနှင့် အချိန်ကိုက်ချမှတ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ယစ်မျိုးဥပဒေမူကြမ်း၊ အရက်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်းမူကြမ်းနှင့် အခြားသောအရက်ဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်းစွာဆွေးနွေးအကြုံပြုကြရန် ပြောကြားသည်။
ယင်းနောက် ယစ်မျိုးဥပဒေနှင့်ပတ်သက်ပြီး ကော်မတီဝင်နှင့် လုပ်ငန်းရှင်များ၏ သဘောထား ပြန်ကြားလာမှုများနှင့် ဥပဒေမူကြမ်းအပေါ် ပြင်ဆင်ထားမှုကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းတင်ပြသည်။
ထို့နောက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးကတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)