နေပြည်တော်  ၃  ဇွန် 

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ်သည့် “ဖြောင့်မတ်တည်ကြည်မှု ” လူငယ်စခန်း ၂၀၁၉ Youth Integrity Camp 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ballroom တွင် ကျင်းပသည်။ 

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အဖွင့်အမှာစကားပြောကြားရာတွင်“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂၀၁၉  Youth Integrity Camp 2019 အား  ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မိတ္ထီလာ၊ ရမည်းသင်း၊ တောင်ငူမြို့တို့ရှိ တက္ကသိုလ်၊ ကောလိပ် (၁၀) ခုမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၇ ဦး တက်ရောက်ရန်ဆောင်ရွက်ထားပါကြောင်း။

 

ယခုဖွင့်လှစ်သည့် “ ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်းသည် အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင်  လူငယ်ထုပါဝင်  ဆောင်ရွက်နိုင်ရေးနှင့် လူငယ်များအကြားတွင် ဖြောင့် မတ်တည်ကြည်မှု မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။ 

 

ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုပညာပေးလုပ်ငန်းများအပြင်  အဂတိလိုက်စား မှုတားဆီးကာကွယ်ရေးအဖွဲ့ Corruption Prevention Unit-CPU အား ဖွဲ့စည်းထား ရှိပြီးနိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေဖြင့်  ဌာနဆိုင်ရာအရေးယူခြင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ပြင် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပူးပေါင်း၍ ကျောင်း သား၊ ကျောင်းသူများ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ် (အခြေခံပညာမူလတန်း)ဆရာကိုင်စာအုပ်အချိန်မီ ဖြန့်ဝေသင်ကြားပေးနိုင်ရန်အတွက် လည်းဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (အခြေခံပညာအလယ်တန်း) ဆရာကိုင်စာအုပ်အား ဖြန့်ဝေရန်ဆောင် ရွက်လျက်ရှိကြောင်း၊  နိုင်ငံတော်အတွက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ယန္တရား တစ်ရပ်အနေဖြင့် ပထမဆုံးထုတ်ပြန်သည့် စာအုပ်များဖြစ်သည့်အတွက်  အကျိုးသက် ရောက်မှုနှင့် သမိုင်းဝင်မှုမှာ သိသာထင်ရှားသည့်စာအုပ်များဖြစ်လာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။ 

 

ဆက်လက်၍  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က အဖွင့်အမှာစကားပြောကြားရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းဆိုသည်မှာ  အဂတိလိုက်စားမှု သို့မဟုတ် အကျင့်ဖောက်ပြန်မှုနှင့် ဖြောင့်မတ်တည်ကြည်မှုတို့အကြား အချိန်ကာလအလွန်ရှည်ကြာစွာ ယှဉ်ပြိုင်နေရသည့်  ပြိုင်ပွဲတစ်ခုကဲ့သို့ဖြစ်ပါကြောင်း၊  ဖြောင့်မတ်တည်ကြည်မှုသည်  အမြဲတမ်းဦးစားပေးမခံရဘဲ ပုန်းလျှိုးကွယ်လျှိုး အဆင့်မျိုး နေခဲ့ရာမှ ယခုအခါ ပြည်သူအများစု၏ ထောက်ခံအားပေးမှုကြောင့် နေရာပိုမိုရရှိလာပါ ကြောင်း၊ သို့သော် အကျင့်ဖောက်ပြန်မှုဘက်က နည်းလမ်းမျိုးစုံဖြင့် ခုခံကာကွယ်မှုများ လုပ် ဆောင်လာနေသည်ကိုတွေ့ရသဖြင့် ပြိုင်ပွဲတွင် အပြီးသတ်အောင်ပွဲခံနိုင်ရန် အချိန်များစွာ လိုနေသေးကြောင်း။

 

နောက်မျိုးဆက်များကာလတွင် ဖြောင့်မတ်တည်ကြည်မှုဘက်က အသေအချာ အနိုင်ရရှိအောင် လုပ်နိုင်ရန် နိုင်ငံတော်အတွက်လိုအပ်ပါကြောင်း၊ အလွှာအသီးသီးရှိ လူငယ်များသည် လူ့အဖွဲ့အစည်းအတွင်းသို့ ဖြောင့်မတ်တည်ကြည်သော  ယဉ်ကျေးမှု တစ်ရပ်ပေါ်ထွန်းလာအောင် ပြုပြင်ပြောင်းလဲပေးနိုင်သည့် အခြေခံအရည်အချင်းများရှိ နေသဖြင့် ၎င်းတို့၏ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊  ကမ္ဘာပေါ်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နေသော ဒီမိုကရေစီ နိုင်ငံများတွင် လူငယ်များ၏ အဂတိတိုက်ဖျက်မှုအစီအစဉ်များနှင့် ဖြောင့်မတ်တည်ကြည်မှု ဆိုင်ရာ လူငယ်လှုပ်ရှားမှုများကို အားပေးလျက်ရှိကြောင်း၊ မျိုးဆက်သစ်လူငယ်များသည် “အဂတိကင်း၍ ဖြောင့်မတ်တည်ကြည်မှုရှိသော ယဉ်ကျေးမှုတစ်ရပ် ” ကို  ဆောင်ရွက်ပေး နိုင်စွမ်းရှိလာမည်ဖြစ်ကြောင်း။

 

လူငယ်စခန်း၏ ရည်ရွယ်ချက်များဖြစ်သော (၁) အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်တို့၏ ပါဝင်ဆောင်ရွက်နိုင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊(၂) အဂတိလိုက်စား မှုတိုက်ဖျက်ရေးမဟာဗျူဟာ အကောင်အထည်ဖော်ရာတွင် လူငယ်တို့ပါဝင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်၊ (၃) အဂတိလိုက်စားမှုတိုက်ဖျက်ရေး သို့မဟုတ် ဖြောင့်မတ်တည် ကြည်မှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူငယ်တို့လိုက်နာသင့်သောကျင့်ဝတ် များဖွံ့ဖြိုးတိုးတက်လာစေရန်ဖြစ်ပါကြောင်း ပြောကြားသည်။ 

 

ထို့နောက် အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့ မာစီရယ်လ် က Youth Integrity Camp 2019 သည် လူငယ်များ ဂုဏ်သိက္ခာမြင့်မားတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အမေရိကန်နိုင်ငံမှ လူငယ်များအားလုံး ဖြောင့်မတ်တည်ကြည်မှုရှိရန်နှင့် အမှန်တရားအတွက် သဘောထားများကို မဖြစ်မနေ သင်ယူရကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အစိုးရမှသာ တာဝန်ရှိသည် မဟုတ်ဘဲ လူ့အသိုင်းအဝိုင်းများတွင်လည်း တာဝန်ရှိကြောင်း၊ ရံဖန်ရံခါတွင် အဂတိလိုက်စားရန် ဆွဲဆောင်မှုကို ဂုဏ်သိက္ခာဖြင့် ပြန်လည်တိုက်ဖျက်ရမည်ဖြစ်ပါ ကြောင်း၊ အစိုးရနှင့်နိုင်ငံသားများက အမြင့်ဆုံးစံနှုန်းများဖြင့် ကျင့်သုံးပြီး အမြဲတမ်းကြိုးစား နေရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် UNODC မှ Programme Manager, Ms. Marie- Pegie Cauchois က အဂတိလိုက်စားမှု၊ မညီမျှမှုများကိုတိုက်ဖျက်ရန် အနာဂတ်လူငယ်များ၏ စွမ်းအားဖြင့် ဖော်ဆောင်ရမည်ဖြစ်ပါကြောင်း၊ လူငယ်များကိုယ်တိုင် ပူးပေါင်းဆောင်ရွက်လျှင် များစွာ တိုးတက်မည်ဖြစ်ပါကြောင်း၊ ယခုစခန်းသည် ပထမခြေလှမ်းဖြစ်ပြီး အလားတူစခန်းများ ထပ်မံဖွင့်လှစ်နိုင်ရေး မျှော်လင့်ကြောင်းပြောကြားသည်။

 

ထို့နောက် “ဖြောင့်မတ်တည်ကြည်မှု ” လူငယ်စခန်း ၂၀၁၉ ဖွင့်ပွဲအခန်းအနားသို့ တက်ရောက်ကြသော စခန်းဝင်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက မိမိတို့တက္ကသိုလ်အလိုက် မိတ်ဆက်ပြီး ဧည့်သည်တော်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ဒုတိယရှေ့နေချုပ်၊ ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး လက်အောက်ရှိ ဦးစီးဌာနများမှ ညွန်ကြားရေးမှူးချုပ်များ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)
 

 

ge KHP_