တောင်သာ  ၃   ဇွန်

 

ယခုနှစ်တွင် အပူချိန်မြင့်တက်လျက်ရှိသောကြောင့် သောက်ရေကန်များ ခန်းခြောက်ပြီး ဒေသခံပြည်သူများ သောက်ရေအခက်အခဲနှင့် တွေ့ကြုံနေရသည်မှာ နေရာအတော်များများတွင် တွေ့မြင်နေသည့်အထဲတွင် တောင်သာမြို့နယ်လည်း အပါအဝင်ဖြစ်နေသည်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် အလယ်ချိုင့် ကျေးရွာ တွေ့ဆုံပွဲတွင် ဖိုးသူတော်သောက်ရေကန် ပြုပြင်ပေးရန် တညီတညွတ်တည်း တင်ပြခဲ့မှုကြောင့် ယခုနှစ် ဧပြီလမှစတင်၍ တိုင်းဒေသကြီး ရန်ပုံငွေ (၂၉၁ ဒသမ ၉၄)သိန်းဖြင့် ပြုပြင်တည်ဆောက်ခဲ့ရာ ယခုအခါ အလုံးစုံပြီးစီးနေပြီ ဖြစ်သည်။

 

သောက်ရေကန်ကို အလယ်ချိုင့်အရှေ့၊ အလယ်ချိုင့်တောင်၊ အလယ်ချိုင့်မြောက်နှင့် မကျီးရိုး၊ တောင်သာမြို့၏ အရှေ့ဘက်အပိုင်းတွင် နေထိုင်သော အမှတ်(၆)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက် နေပြည်သူများ မှီခိုအားထားနေရသော ရေကန်ဖြစ်သည်။

 

ယင်းနှစ်ပေါင်းရာကျော်ရှိသော ဖိုးသူတော်သောက်ရေကန်မှာ ထိပ်အကျယ်(၇၈-ပေ)ပတ်လည်၊ အောက်ခြေအကျယ် (၄၈-ပေ) ပတ်လည်နှင့် အနက်ပေ(၂၄-ပေ)ရှိသော မြေသားတူး အုတ်စီသောက်ရေကန် ဖြစ်ပြီး၊ ရေဂါလန်ပေါင်း (၃)သိန်း သိုလှောင်နိုင်ကြောင်း၊  မပြုပြင်ခင်ကကန်၏ မြောက်ဘက် အုတ်စီထားသော ဘက်တွင်ပြိုကျနေခဲ့သည်။ ယခုကန်၏ လေးဘက်စလုံး ပျက်စီးသောနေရာများအားလုံး အုတ်စီ၊ အချောကိုင်၊ အောက်ခြေတွင် အသစ်ကွန်ကရစ် လောင်းပေးခဲ့ခြင်း၊ အတက်အုတ်လှေကားများတွင်  စတီးလက်ရန်းများ အသစ်တပ်ဆင်ပေးခြင်းများ  ပြုပြင်တည်ဆောက်ပြီးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ဆည်မြောင်း ဦးစီးဌာမှ ဦးစီးအရာရှိ ဦးကျော်ဆွေဝင်း၊ လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးဝင်းတို့နှင့် ဖိုးသူတော်သောက်ရေကန် ကြီးကြပ်ကော်မတီဝင်များနှင့် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

အလယ်ချိုင်း(မြောက်)ကျေးရွာမှ ဦးမြမောင်က ဖိုးသူတော်ရေကန်မှာ ရှေးမင်းတုန်းမင်း ရှင်ဘုရင်လက်ထက်က မင်းဆရာဖြစ်ခဲ့သော ဆရာတော်တစ်ပါးက ရဟန်းအဖြစ်မှ လူထွက်၍ ဖိုးသူတော်အဖြစ်ဝတ်ကာ တရားအားထုတ်ရန် ရောက်ရှိလာခဲ့ကြောင်း၊ သောက်ရေရှားပါးသောကြောင့် အနီးအနား ပြည်သူများ သောက်သုံးရန်အတွက် ဖိုးသူတော်က ဦးဆောင်ပြီး လက်ရှိမွမ်းမံပြီးစီးခဲ့သော ပေအကျယ်များအတိုင်း တူးဖော်ပေးခဲ့ကြောင်း၊ သောက်ရေကန်မှာ အနီးအနားကျေးရွာများအပြင် တောင်သာမြို့ပေါ် အချို့နေရာများကပါ လာရောက်ခပ်ယူကြောင်း၊ တစ်နှစ်လုံးရေမပြတ်ကြောင်း၊ နှစ်ပေါက်ခံကြောင်း၊ ယခင်ကရေကန်အတက်အဆင်းတွင် မိုခ်ဦးများရှိကြောင်း၊ မိုးကောင်းကောင်းတစ်မိုးရွာလျှင် သောက်ရေကန်ပြည့်ကြောင်း၊ ရေအဆင်းကောင်းကြောင်း၊ ယခုလို ရှေးဟောင်းရာကျော် သောက်ရေကန်ကို ပြုပြင်ပေးသည့်အတွက် ရွာသူရွာသားများက ကျေးဇူးတင် ဝမ်းမြောက်လျက်ရှိကြောင်း  ရင်တွင်းစကားများ ပြောကြားခဲ့သည်။

 

ကျော်မျိုးနိုင်(တောင်သာ)