ရန်ကုန်  ၃   ဇွန်

 

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ဇူလိုင်(၂၈) ရက်မှ (၃၁)ရက်နေ့ထိ ကျင်းပမည့်  မိုက်ကရိုဆော့ဖ် အထူးကျွမ်းကျင်အဆင့် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည့် တက္ကသိုလ်ကျောင်းသား သုံးဦးအား ဇွန်(၃) ရက်နံနက် (၉)နာရီက ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ MICT Park တွင် ဆုများချီးမြှင့်၍ ရွေးချယ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်ကရိုဆော့ဖ် ကျွမ်းကျင်အဆင့် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲအတွက် လူရွေးချယ်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိက အထက်တန်းကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်တို့ရှိ ကျောင်းပေါင်း (၈၄) ကျောင်းမှ အသက်(၁၃)နှစ်မှ (၂၂)နှစ်ရှိ ကျောင်းသား၊ ကျောင်းသူပေါင်း တစ်ထောင်ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်ပြိုင်ပွဲကို မတ်လ(၈)ရက်၊ ဒုတိယအဆင့် ပြိုင်ပွဲကို ဧပြီ(၂၉) (၃၀) ရက်တို့တွင် ယှဉ်ပြိုင်ခဲ့ကြကာ ဆီမီးဖိုင်နယ်ပြိုင်ပွဲတွင် ကျောင်းသား (၆၇၀)ကျော်မှ (၅၅)ဦးကို ရွေးချယ်လျက် နိုင်ငံတော်အဆင့် ဖိုင်နယ်ပြိုင်ပွဲကို ဇွန်(၂)ရက်နေ့တွင် ကျင်းပခဲ့သည်။  Microsoft ၊ Word နှင့် Powerpoint 2013 တစ်ဘာသာချင်းအလိုက် ဆုရရှိသူသုံးဦးအား ယနေ့တွင် ဆုချီးမြှင့်ခြင်းဖြစ်ပြီး ဇူလိုင်(၂၈)ရက်မှ (၃၁)ရက်နေ့ထိ ကျင်းပသော အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မိုက်ကရိုဆော့ဖ်အထူးကျွမ်းကျင်အဆင့် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် တစ်ဦးချင်းအလိုက် (ဘာသာအလိုက်) ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ချီးမြှင့်ခဲ့ရာ ပထမဆုတွင် Microsoft Office Specialist Word ဘာသာအတွက် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ မနေခြည်သင်း၊ Microsoft Office Specialist Excel ဘာသာအတွက် ဒဂုံတက္ကသိုလ်မှ မောင်ခန့်ဇော်ဟိန်း၊ Microsoft Office Specialist  Powerpoint ဘာသာအတွက် မန္တလေးနည်းပညာတက္ကသိုလ်မှ မောင်စိုင်းလွင်ထက်ဦးတို့က လည်းကောင်း ဆုများအသီးသီးရရှိပြီး  မိုက်ကရိုဆောဖ့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးအတွက် နိုင်ငံကိုယ်စားပြု သံတမန်သုံးဦးအဖြစ် သွားရောက်ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

 

ယနေ့ဆုချီးမြှင့်ပွဲတွက် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီးတွင် သွားရောက်ယှဉ်ပြိုင်ရမည့် သုံးဦးကို ဆုများချီးမြှင့်မှုနှင့်အတူ ဒုတိယဆုအနေဖြင့် မြန်မာ့သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ မောင်သီဟမင်းမောင်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ မောင်အောင်မင်းခန့်၊ ဒဂုံတက္ကသိုလ်မှ မောင်ရဲ ထက်အောင်တို့က လည်းကောင်း၊ တတိယဆုအနေဖြင့် ကလေးမြို့ ကွန်ပျူတာ တက္ကိသိုလ်မှ မောင်ပေါင်စိုင်းခင်၊ ပညာနန်းတော် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မမြမှူးခင်၊ စစ်ကိုင်းတိုင်းဒေသကြီး နည်းပညာတက္ကသိုလ်မှ မခင်ခင်သင်း၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ မငြိမ်းရတနာထွန်း၊ ပညာနန်းတော် ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်ခန့်ဇင်သော်၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်မှ မောင်ဝေယံထွန်းတို့က လည်းကောင်း၊ နှစ်သိမ့်ဆုအဖြစ် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ မောင်သူဟန်စိုး၊ ရန်ကုန်ပညာရေး ကောလိပ်မှ မဆုရတနာ၊ တောင်ကြီးနည်းပညာ တက္ကသိုလ်မှ မခိုင်ခိုင်ကြည်၊ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ မောင်ကျော်ဇင်ထက်နှင့် မောင်သီဟစစ်နိုင်၊ Beyond Access Library မှ မောင်တင်ထွဋ်ခိုင်၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်မှ မောင်ပြည့်စုံအောင်၊ မြန်မာသတင်း အချက်အလက် နည်းပညာတက္ကသိုလ်မှ မဆုအိန္ဒြေထက် နှင့် မိတ္ထီလာ ကွန်ပျူတာတက္ကသိုလ်မှ မ ရတနာထက်ထက်သိန်း တို့ကိုလည်း ဆုများချီးမြှင့်ခဲ့သည်။

 

ဤပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ IIG Education Myanmar နှင့် Gold sponsor Myanmar International Telecommunication Co.Ltd(Mytel)တို့က ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေဝင်းဦး၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ IIG Education Myanmar ၏ မန်းနေးဂျင်း ဒါရိုက်တာဦးလင်းထက်ဉာဏ်ထွန်းနှင့် Gold sponsor Myanmar International Telecommunication Co.Ltd (Mytel) ၏ CEO ဖြစ်သူနှင့် CERO ဖြစ်သူ ဦးဇော်မင်းဦးတို့က ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

 

Microsoft Office Specialist World Championship ပြိုင်ပွဲကို ကျင်းပခဲ့သည်မှာ(၁၈)နှစ်တို င်ခဲ့ပြီးဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကာ ကျောင်းသူကျောင်းသားတို့၏ ကွန်ပျူတာပိုင်းဆိုင်ရာ လေ့လာထားမှုကို နိုင်ငံတကာ အဆင့်ထိ တက်လှမ်းနိုင်စေရန် တိုးတက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆုရရှိသူများကို တစ်ဦးချင်းအလိုက် (တစ်ဘာသာချင်းစီ) ပထမဆု(၃)ဆု၊ ဒုတိယဆု(၃)ဆု၊ တတိယဆု(၆)ဆုနှင့် နှစ်သိမ့်ဆု(၉)ဆုအပြင် အဖွဲ့လိုက် ကျောင်းများအား ချီးမြှင့်သော ဆု(၄)ဆုဖြင့် စုစုပေါင်း အမေရိကန် ဒေါ်လာ တစ်သောင်းခန့် တန်ဖိုးရှိဆုများကို ချီးမြှင့်ခဲ့ပြီး အမေရိကန် နိုင်ငံတွင်ကျင်းပမည့် ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဖြစ်သော  MOSWC ပြိုင်ပွဲတွင် သုံးဘာသာအတွက် တစ်ဘာသာချင်းအလိုက် ပထမဆု အမေရိကန်ဒေါ်လာ(၇၀ဝ၀)၊ ဒုတိယဆု (၃၅၀ဝ) နှင့် တတိယဆု(၁၅၀ဝ) ရရှိမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ခြင်း အကျိုးကျေးဇူးအဖြစ် မိုက်ကရိုဆော့ဖ် Office skills ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုလာနိုင်ခြင်းဖြင့် လုပ်ငန်းပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများ အတွက်ကြိုတင်ပြင်ဆင်နိုင်ခြင်း၊ နိုင်ငံတကာ အဆင့် အိုင်တီနည်းပညာနှင့် အတတ်ပညာများ ရရှိပြီး ပြိုင်ပွဲအတွေ့အကြုံများရရှိခြင်း၊ အိုင်တီအတတ်ပညာများအား မိမိနိုင်ငံတွင် ပြန်လည်ဝေမျှနိုင်ခြင်းနှင့် နိုင်ငံပေါင်းစုံမှ လူငယ်များနှင့် နည်းပညာဗဟုသုတများ ဖလှယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးတို့ကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်

 

ဓာတ်ပုံ - သန်းစိုး

 

111 .JP