ရန်ကုန်  ၃  ဇွန် 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၌ ကျင်းပသည့် ပြည်သူ့ဆေးရုံကြီးများ ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။

 

ပြည်ထောင်စုဝန်ကြီးက ဆေးရုံကြီးများအနေဖြင့် လိုအပ်သည့်ဆေးနှင့် ဆေးပစ္စည်း များ လုံလောက်စွာရှိစေရန်နှင့် လေလွင့်ပျက်စီးမှုမရှိစေရန်အတွက် ယခင်နှစ်များ၊ လများ တွင် အသုံးပြုခဲ့မှုနှင့် အတွင်းလူနာ၊ ပြင်ပလူနာအရေအတွက် တို့နှင့် ချိန်ထိုးခန့်မှန်း တွက်ချက်၍ ဦးစားပေးအလိုက် စာရင်းဇယား ပြုစုရမည်ဖြစ်ပါကြောင်း၊ဝန်ကြီးဌာနတွင် (၁၆) ခုတင်ဆံ့ဆေးရုံမှ ခုတင်(၂၀ဝ၀) ဆံ့ ဆေးရုံအထိ ဆေးရုံပေါင်း (၁,၁၄၄) ရုံရှိပြီး (၂၀၁၈-၁၉) ခုနှစ် ဘဏ္ဍာနှစ်တွင် ဆေးဝါးဝယ်ယူရန်အတွက် ငွေကျပ် (၁၂၀) ဘီလီယံ ၊ ဆေးပစ္စည်း ကိရိယာဝယ်ယူရန်အတွက် ငွေကျပ် (၆၄) ဘီလံယံ လျာထားခဲ့ပါကြောင်း။

 

အမေရိကန်နိုင်ငံအခြေစိုက်Direct Relief အဖွဲ့နှင့် အဆက်အသွယ်ရရှိခဲ့ပြီး (၆) လ အတွင်း အမေရိကန်ဒေါ်လာ (၃) သန်းတန်ဖိုးရှိဈေးနှုန်းမြင့်မားသည့် ကင်ဆာရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါကုသဆေးများကိုအခမဲ့ ရရှိခဲ့သဖြင့် ပြည်သူများအတွက် အလွန် အကျိုးရှိပါကြောင်း၊ ထိုကဲ့သို့သောနိုင်ငံတကာမှ အလှူရှင်အဖွဲ့အစည်းများမှ ပေးအပ် လှူဒါန်းလျက်ရှိသည်များကိုပိုမိုသိရှိရယူနိုင်စေရန်အတွက်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

ဆေးရုံအုပ်ကြီးများအနေဖြင့် လုပ်ငန်းခွင်တွင် ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အ ကူပြုပညာရှင်များအနားယူနိုင်ရန်အတွက် အခန်းနေရာများကိုလည်းကြိုးစားစီစဉ်ပေး ရမည် ဖြစ်ပါကြောင်း၊ယခုအခါ ဝန်ကြီးဌာနမှ ဝန်ထမ်းများကိုနိုင်ငံတကာတွင် (၆)လ အောက်နှင့် (၆)လ အထက်သင်တန်းများ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများ တက်ရောက်နိုင်ရန် သိသာထင်ရှားစွာတိုးမြှင့်စေလွှတ်လျက်ရှိပြီးယခု (၃)နှစ်တာကာလအတွင်း (၆၀ဝ၀)ခန့် စေလွှတ်ခဲ့ပါကြောင်း၊ မိမိကိုယ်တိုင် အင်တာနက်ကွန်ရက် online မှတဆင့် ပညာတော်သင် လျှောက်ထားခြင်းကိုလည်း ခွင့်ပြုထားပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်၍ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများ အဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများ တာဝန် ကျရာ နေရာဒေသတွင် သက်တောင့်သက်သာနေထိုင်နိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာများကို လည်း အရှိန်အဟုန်ဖြင့် ဆောက်လုပ်လျက်ရှိရာအခန်းပေါင်း (၆,၇၃၆) ခန်းပြီးစီးခဲ့ပြီး ဆောက်လုပ်လျက်ရှိသည့် အခန်းပေါင်း (၁၀,၃၇၇) ခန်းအနက် အများစုမှာ ယခုနှစ်အတွင်း ထပ်မံပြီးစီးမည်ဖြစ်ပါကြောင်း။

 

ရောဂါရှာဖွေစမ်းသပ်စစ်ဆေးမှုများ တိကျမှန်ကန်မှသာ ကုသမှုလုပ်ငန်းများ အောင်မြင် မည်ဖြစ်သဖြင့် ဓာတ်ခွဲ၊ ဓာတ်မှန်သုံးပစ္စည်းများကိုလည်း ဦးစားပေးဖြည့်ဆည်းပေးလျက်ရှိ ပါကြောင်း၊ ဓာတ်ခွဲစမ်းသပ်မှုသုံး reagent များလေလွင့်ဆုံးရှုံးမှုလျှော့ချနိုင်ရန်၊ လူစွမ်းအားအရင်း အမြစ်နှင့် ဓာတ်ခွဲစမ်းသပ်မှုစက်ပစ္စည်းကိရိယာကြီးများကို ပိုမိုထိရောက် စွာ အသုံးချနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ဆေးရုံကြီးများရှိ ဓာတ်ခွဲခန်းများတွင် မရှိမဖြစ် ချက်ခြင်း၊ အရေးပေါ် ဓာတ်ခွဲစမ်းသပ်မှုများကိုသာပြုလုပ်ပြီး၊ အခြားအချိန်ယူ၍ တိကျစွာစစ်ဆေး ရမည့်ဓာတ်ခွဲစမ်းသပ်မှုများကို ဗဟိုဓာတ်ခွဲခန်းအဖြစ် သတ်မှတ်ထားရှိ သော ဓာတ်ခွဲခန်းတွင်သာ စုစည်းဆောင်ရွက်သွားရန်အတွက် မကြာမီလပိုင်းအတွင်း ဆောင်ရွက်တော့မည် ဖြစ်ပါကြောင်း။

 

တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆေးရုံကြီးများတွင် အထူးကြပ်မတ်ကုသဆောင်များကို အားဖြည့်ဆောင်ရွက်ရန်အတွက် လုပ်ငန်းစဉ်များရေးဆွဲရာတွင်လည်း အကြံပြုချက်များ ပေးအပ်စေလိုပါကြောင်း၊ ဆေးရုံများမှ ဦးစားပေးလိုအပ်ချက်များတင်ပြတောင်းခံမှုများကို ယခုဘဏ္ဍာနှစ်တွင် ဖြည့်ဆည်းပေးနိုင်သည်များကို ယခုဘဏ္ဍာနှစ်တွင်လည်းကောင်း၊ လာမည့် ဘဏ္ဍာနှစ်တွင်ဖြည့်ဆည်းပေးနိုင်မည်များကို လာမည့်ဘဏ္ဍာနှစ်တွင်လည်းကောင်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်း ကိရိယာ၊ ဓာတ်ခွဲစမ်းသပ်မှု၊ တည်ဆောက်ပြုပြင်ရေး၊ စီမံခန့်ခွဲမှု၊ ဆေးနှင့်ဆေးနှီးနွယ် ပညာသင်ကြားမှု၊ ဝန်ထမ်းရေးရာနှင့် အထွေထွေကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ချက် များကို တင်ပြအကြံပြုဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာန) ဒေါက်တာတင်တင်လေး၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ ဇော်ဝေစိုး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိန်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင် နှင့် တာဝန်ရှိသူများကအဆိုပါ အကြံပြုဆွေးနွေးချက်များအပေါ် တုံ့ပြန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 (သတင်းစဉ်)