ရန်ကုန် ၃ ဇွန် 

 

ဦးဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူသည် ဧပြီ ၂၉ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အရှေ့သိမ်ကွင်းနှင့် မေ ၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ မဟာ ဗန္ဓုလပန်းခြံရှေ့တို့၌ ကျင်းပပြုလုပ်သော ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ် စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတို့တွင် ဟောပြောခဲ့သည့် ဟောပြောချက် များသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄-က ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ရှင်းလင်းဖော်ပြချက်တစ်စောင် ဇွန် ၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 

ထုတ်ပြန်ချက်အတွင် အဆိုပါကိစ္စရပ်များအပေါ် မေ ၁၅ ရက်နေ့တွင် ကျင်းပသော အဋ္ဌမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ ပထမကြိမ် ပဉ္စမအစည်းအဝေးက “ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားသောကိစ္စဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့က ဦးဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူကို ခေါ်ယူဩဝါဒပေးရန်” ဟု ဆုံးဖြတ်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ဦးဝိစိတ္တာဘိဝံသ (ခ)ဦးဝီရသူအား မေ ၃၀  ရက်နေ့တွင် ဩဝါဒပေးရန် မေ ၂၂  ရက်က ဦးဝိစိတ္တာဘိဝံသ (ခ)ဦးဝီရသူထံသို့ အကြောင်းကြားခဲ့ကြောင်း ပါဝင်သည်။

 

ထို့ပြင် ရန်ကုန်အနောက်ပိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ဦးဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူအား ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ အရေးယူပေးရန် ၂၈-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၄၇/၂၀၁၉ ဖြင့် အမှုဖွင့်လှစ်ထားရှိကြောင်းလည်း သိရသည်။

 

ဦးဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူအား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့သည့်ကိစ္စရပ်များနှင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ခေါ်ယူဩဝါဒပေးရန် ပင့်လျှောက်ထားသည့်ကိစ္စရပ်များသည် သီးခြားစီဆောင်ရွက်ရမည့်ကိစ္စရပ်များဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့က ခေါ်ယူဩဝါဒပေးမည့်ကိစ္စအား ၂၉-၅-၂၀၁၉ ရက်နေ့တွင် အခြေအနေအရ ဆိုင်းငံ့ထားခဲ့သည်ဟု သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့က ဦးဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူအား ဆုံးမဩဝါဒပေးမည့် ရက်ကို အကြောင်းညီညွတ်သည့်အချိန်တွင် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်ဟု ရှင်းလင်းချက်တွင် ပါရှိသည်။

 

ဦးဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ခေါ်ယူ၍ ဆုံးမ ဩဝါဒပေးမှုကို လိုက်နာခြင်းမရှိပါက သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေအမှတ်(၂၀/၉၀)ဖြင့် တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရှင်းလင်းချက် ထုတ်ပြန်ထားသည်။

 

MDN