မန္တလေး ၄ ဇွန်
သစ်တောနည်းဥပဒေ(မူကြမ်း)အား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကျိုးသက်ဆိုင်သူများထံချပြ ဆွေးနွေးခြင်းနှင့် အကြံပြုချက်များ ရယူခြင်းဆိုင်ရာ ဆွေးနွေးပွဲကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်မန္တလေး၌ ယနေ့ နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အဖွင့်အမှာစကား ပြောကြားပြီး LCG မှ အဓိက ပံ့ပိုးကူညီသူ ဦးAမိုးနိုင် က အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက်များ ရယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားသည်။
၎င်းနောက် သစ်တောဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွဋ်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးဇင်မွန်နိုင်တို့က သစ်တောနည်းဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာအဓိက အကြောင်းအရာများအား ဆွေးနွေးပြောကြားသည်။ ယင်းနောက် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဌာနေတိုင်းရင်းသားများ၊ သက်ဆိုင်ရာဒေသခံ အစုအဖွဲ့ ကိုယ်စားလှယ်များက သစ်တောဥပဒေနှင့် နည်းဥပဒေအပေါ် မိမိတို့၏ အမြင်ဖြင့် မှတ်ချက်၊ အကြံပြုချက်များအား ဆွေးနွေးပြောကြားခဲ့ ကြသည်။
ဆက်လက်ပြီး တက်ရောက်လာသူများမှ အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲရလဒ်များကို ပြန်လည်သုံးသပ် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ ဆွေးနွေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စိမ်းရောင်စိုအဖွဲ့မှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဌာနေတိုင်းရင်း သားများ၊ သက်ဆိုင်ရာဒေသခံအစုအဖွဲ့ကိုယ်စားလှယ်များနှင့် ဖိတ်ကြားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)