ကော့သောင်း     ၃    ဇွန်     

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရ     အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက    ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့ပုလဲရွှေရည် ခန်းမ၌ ဌာနဆိုင်ရာများ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ   မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများနှင့်   တွေဆုံခဲ့ကြောင်းသိရသည်။

 

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်မှ  ဘုတ်ပြင်းဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရေး မိမိတို့အစိုးအဖွဲ့အနေဖြင့် ဒေသပြည်သူများနှင့် လာရောက် တွေ့ဆုံခြင်းဖြစ်ကြောင်း ၊တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ချက်ချင်းဆောင်ရွက်ပေးနိုင်မည့်ကိစ္စများအား သက်ဆိုင်ရာ ဌာနဆိုင်ရာများဖြင့် ပူးပေါင်းဖြေရှင်းပေးသွားပြီး ပြည်ထောင်စုအဆင့်သို့ တင်ပြရမည့် ကိစ္စရပ်များအား ဆက်လက်တင်ပြ ဆောင်ရွက်ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုး၏ ဦးစားပေး မူဝါဒဖြစ်သည့်တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်း ငြိမ်းချမ်း ရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးစသည့် လုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိကြောင်း ၊နိုင်ငံတော်၏ သယံဇာတအခွန်အခများဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက်နေကြရသဖြင့် ဒေသတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလေ့အလွင့်မရှိစေရေး ဥပဒေနှင့်အညီ ဒေသပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြလိုကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့ပြနှင့်ကျေးလက်ဒေသများ တစ်ပြေးညီ အခြေခံ အဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးအစီအစဉ်အလိုက်ဆောင်ရွက်လျှက်ရှိကြောင်း၊ ဒေသပြည်သူများအနေဖြင့် မိမိတို့ဒေသလိုအပ်ချက်များကို ပွင့်လင်းရင်းနှီးစွာ တင်ပြကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ 

 

88

 

ဆက်လက်၍  တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း ၊လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဒေါ်ရီရီချို၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ သယံဇာတနှင့်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီးဦးလှထွေး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးအောင်သူရတို့က ဝန်ကြီးဌာနအလိုက် လုပ်ငန်းအခြေအနေများကိုရှင်းလင်းဆွေးနွေးပြောကြားကြသည်။

 

ယင်းနောက် ဘုတ်ပြင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်နှင့်ဒေသပြည်သူများတို့၏  တင်ပြချက်များ ဖြစ်သည့်မြို့သန့်ရှင်းသန့်ရေး၊မြို့သောက်သုံးရေရရှိရေး၊လျှပ်စစ်ဓာတ်အားခ သက်သာစွာ သုံးစွဲနိုင်ရေး၊ကျေးလက်လမ်းများအဆင့်မြှင့်တင်ပေးရေး၊စာသင်ကျောင်းအဆောက်အအုံတိုးချဲ့ တည်ဆောက်ပေးနိုင်ရေး၊ ဒေသခံတိုင်းရင်းသားများ နိုင်ငံသားကဒ်နှင့်အိမ်ထောင်စုများ ပြုလုပ်ပေးနိုင်ရေး၊ သိမ်းဆည်းမြေယာများ ပြန်လည်ရရှိနိုင်ရေးနှင့် မြေယာပိုင်ဆိုင်မှု အထောက်အထားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ရေး ကျေးရွာစိမ့်စမ်းရေသွယ်တန်းပေးနိုင်ရေး၊ ဒေသထွက်ကုန် သဘာဝငှက်သိုက်မွေးမြူရေး လုပ်ငန်းလိုင်စင်များ အမြန်ချထားဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသတစ်ချို့တွင် တောဆင်ရှိုင်းများ အန္တရာယ်ရင်ဆိုင်နေရမှု ကူညီဖြေရှင်းပေးနိုင်ရေး၊ စသည့်တင်ပြချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့်အစီအစဉ်များ နှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးပြေကြား ကြပြီး ဝန်ကြီးချုပ်မှ ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာနိဂုံးချုပ်ပြောကြားပြီးအခမ်းအနားကို မွန်းလွဲ ၁ နာရီခွဲတွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

 

ကျော်စိုး(ကော့သောင်း)