၄ ဇွန်
နိုင်ဂျီးရီးယား၊ ချဒ်၊ ကင်မရွန်း နှင့် နိုင်ဂျာ တို့ပူးတွဲစစ်ဆင်ရေးတစ်ခုတွင် အကြမ်းဖက်သမား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ယမန့်နေ့က အတည်ပြုပြောကြားခဲ့သည်။
Arege, Malkonory နှင့် Tumbum Rego ဒေသ တစ်ဝိုက်တပ်စစ်ဆင်ရေး ပြုလုပ်သဖြင့် အကြမ်းဖက်သမားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံစုံတပ်ဖွဲ့ အကြီးအကဲ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျီးရီးယား စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သော Timothy Antigha က ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။
၎င်းက အဆိုပါ စစ်ဆင်ရေးသည် Lake Chad ဒေသမှ အိုင်အက်စ် အကြမ်းဖက်သမားများကို ဖယ်ရှားရန် လုပ်ဆောင်နေသည့် စစ်ဆင်ရေး တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟု ဆိုသည်။
ယင်းစစ်ဆင်ရေး တိုက်ခိုက်မှုအတွင်း နိုင်ငံစုံပူးပေါင်းတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့ပြီး အဆောတလျင် ဆေးကုသရေးအတွက် ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘိုကိုဟာရမ် စစ်သွေးကြွများကို Lake Chad အစွန်အဖျားသို့ မောင်းထုတ်ရန် နိုင်ငံစုံ ပူးပေါင်းတပ်ဖွဲ့က စစ်ဆင်ရေးသစ်တစ်ခုကို ဖေဖော်ဝါရီလက စတင်လုပ်ဆောင်ခဲ့သည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို