၄ ဇွန်

ဆူဒန်နိုင်ငံ ခါတွန် မြို့တော်ရှိ လုံခြုံရေးတပ်ဖွဲ့က ဒီမိုကရေစီရေးတက်ကြွလှုပ်ရှား ဆန္ဒပြသူများကို ထိရောက်စွာနှိမ်နင်းခဲ့ရာ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့များက စစ်တပ်ဌာနချုပ်အနီး ထောင်ချီရှိသော အထိုင်ဆန္ဒပြသူများကိုဖယ်ရှားရန် ယမန်နေ့မနက်ပိုင်းက ကြိုးစားခဲ့ကြသည်။

လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်ခံရသူအချို့အပါအဝင် ဆန္ဒပြသူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ရာချီရှိသော ဆန္ဒပြသူများ ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ ဆန္ဒပြသူများနှင့် ပတ်သက်သည့် ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့က ဆိုသည်။

စစ်တပ်က အာဏာသိမ်းမှုဖြင့် သမ္မတ အိုမာအယ်လ်ဘာရှား၏ ဆယ်စုနှစ်သုံးစု တာဝန်ထမ်းဆောင်မှု အဆုံးသတ်ခဲ့သည့် ဧပြီလနောက်ပိုင်း အသွင်ကူးပြောင်းချိန်ကာလတွင် စစ်တပ်အုပ်ချုပ်ရေးအဖွဲ့က  ဆူဒန်နိုင်ငံကို အုပ်ချုပ်ခဲ့သည်။

 

mdn

 

ဆန္ဒပြသူများသည် ၎င်းတို့၏ အထိုင်ဆန္ဒပြမှု ဆက်လက်လုပ်ဆောင်နေစဉ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မည်သို့လုပ်ဆောင်မည်ကို စစ်တပ်ခေါင်းဆောင်များနှင့် ညှိနှိုင်းလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။

သုံးနှစ်အတွင်း ရွေးကောက်ပွဲကျင်းပရန် နှစ်ဖက်လုံး သဘောတူညီခဲ့ကြသော်လည်း ရွေးကောက်ပွဲကာလရောက်သည်အထိ ၎င်းအတောအတွင်း အာဏာလွှဲပြောင်းပေးရန် စစ်တပ်က ငြင်းဆန်နေခြင်းဖြင့် ၎င်းတို့ဆွေးနွေးပွဲမှာ မဆုတ်သာမတိုးသာသော အခြေအနေ ဖြစ်ခဲ့သည်။

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများက စစ်တပ်အုပ်ချုပ်ရေးအဖွဲ့ကို ဖြုတ်ချရေး အကြမ်းမဖက်ဆန္ဒပြမှုများတွင် ပါဝင်ကြရန် နိုင်ငံသားများကို မေတ္တာရပ်ခံခြင်းဖြင့် နောက်ဆုံး နှိမ်နင်းမှုကို တုံ့ပြန်ခဲ့ကြသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်  - မြင့်မြင့်ချို