ဂျပန်နိုင်ငံတွင် ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင်  လွတ်လပ်သော ကုန်သွယ်မှု၏ အရေးပါပုံကို ဂျပန်နိုင်ငံက အလေးထားဆွေးနွေးရန် စီစဉ်လျက်ရှိသည်။ 

အဆိုပါနှစ်ရက်ကြာ အစည်းအဝေးကို ဂျပန်နိုင်ငံ ဖူကာကိုမြို့တွင် စနေ့နေ့မှ  စတင်ကျင်းခဲ့သည်။  အဆိုပါ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို ဂျပန်နိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။

လက်ရှိ ကမ္ဘာတွင်ဖြစ်ပျက်နေသည့် ကုန်သွယ်ရေး မညီမျှမှုများ၊ တင်းမာမှုများ နှင့်ပတ်သက်ပြီး နောက်ကွယ်က အဓိကအချက်များကို ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများက ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

လွတ်လပ်စွာကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ဂျီ-၂၀ အဖွဲ့ဝင်များအကြား ပဋိက္ခဖြစ်လျက်ရှိသည်။ အမေရိကန်နိုင်ငံသည်  ပြည်ပမှ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမှု  ဆန့်ကျင်သည့်အထဲတွင် တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများ ပါဝင်ခဲ့ကြောင်း အစည်းအဝေးအပြီး  ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုလက်ရှိတွင် ဖြစ်ပွားနေသည့် တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်ရေးစစ်ပွဲအတွင်း မမျှတသည့် ကုန်သွယ်မှုကို အလေးထား ဆွေးနွေးမည်ဖြစ်သည်။

ဂျပန်နိုင်ငံ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည့် ကြေညာချက်အတွင်း အများသဘောတူညီမှု  ရရှိရေးအတွက် အဆင့်ဆင့်ညှိနှိုင်းဆွေးနွေးမည်ဟု ဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်