ကြို့ပင်ကောက် ၄ ဇွန်
ကျေးလက်နေ အမျိုးသမီးငယ်များအတွက် အိမ်တွင်းမှုအပ်ချုပ်သင်တန်းကို ကြို့ပင်ကောက်မြို့နယ် ဘုကြီးအုပ်စု ပုဏ္ဏရိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။
ကြို့ပင်ကောက်မြို့တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အထိ အိမ်တွင်းမှု အပ်ချုပ်သင်တန်း ၆ ကြိမ် ဖွင့်လှစ်သင်ကြားခဲ့ရာ ကျေးလက်နေအမျိုးသမီး သင်တန်းသူ ၁၄၀ ဦးအား အိမ်တွင်းမှု အပ်ချုပ်စက်ပညာသင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း ယခုသင်တန်းတွင် သင်တန်းသူ ၃၆ ဦးအား ၇ ကြိမ်မြောက်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ လာမည့်သြဂုတ်လတွင် ဘန့်ဘွေးကုန်းကျေးရွာ၌ (၈)ကြိမ် မြောက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးကပြောသည်။
အဆိုပါ သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးကာကျေးလက်နေ အမျိုးသမီး ၃၆ ဦးအား သင်တန်းဆရာမ ၂ ဦးက စာတွေ့လက်တွေ့သင်ကြား ပေးသွာမည်ဖြစ်ကြောင်း သင်တန်းသူများ လေ့ကျင့်ချုပ်လုပ်ထားသော အဝတ်အထည်များကိုလည်း သင်တန်းပြီးဆုံးချိန်တွင် မိဘမဲ့ဘုန်းတော်ကြီးသင်စာသင်ကျောင်းများနှင့် ဆင်းရဲနွမ်းပါးဒေသများသို့ ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)