ငပုတော  ၄  ဇွန်


ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ပေါ်ရှိ ဘုံကျော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဂျပန်အစိုးရနှင့် ပြည်သူများလှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီးသည့် RC နှစ်ထပ်ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကအဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွင်းဝန် မစ္စတာ ယိုဆုခဲ့ သနခါ့ (Mr.YoSuKe TaNaKa)၊ မြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးနှင့် ကျောင်းဆောင်သစ်ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်အောင်တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာကျောင်းဆောင်သစ်အတွင်းသို့ လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

1


ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးသိမ်းက အမှာစကားများ ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ ဒုတိယအတွန်းဝန်မစ္စတာ ယိုဆုခဲ့ သနခါ့ (Mr.YoSuKe TaNaKa) မှ ဂျပန်-မြန်မာ ချစ်ကြည်ရေးအတွက် ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ 

 

1


ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးမောင်မောင်အေးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှမစ္စတာ ယိုဆုခဲ့ သနခါ့ (Mr.YoSuKe TaNaKa) က ဂျပန်-မြန်မာချစ်ကြည်ရေး RC နှစ်ထပ်ကျောင်းဆောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား မြို့နယ်ပညာရေးမှူး ဦးမောင်မောင်အေးထံသို့ လွှဲပြောင်းပေးအပ်ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌမှ အမှတ်တရ လက်ဆောင်ပစ္စည်းများကို ဒုတိယအတွင်းဝန်အား ပြန်လည်ပေးအပ်ခဲ့သည်။

 

1


အဆိုပါ ကျောင်းဆောင်သစ်နှင့် အခြားဆက်စပ်ပစ္စည်းများကို၂၀၁၇-ခုနှစ်၊ အသေးစားစီမံကိန်းများ ထောက်ပံ့ရေး အစီအစဉ်အရ ဂျပန်အစိုးရနှင့် ပြည်သူများ လှူဒါန်းငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အလျားပေ ၇၀၊ အနံ ပေ ၃၀ နှင့် အမြင့်၂၄ပေရှိသော RC နှစ်ထပ် အမျိုးအစား အဆောက်အဦဖြစ်ပြီး တန်ဖိုးငွေဒေါ်လာ ၈၇၀ဝ၀ ကုန်ကျခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်(ပြန်/ဆက်)

 

1