တောင်ငူ ၄ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာသည် မြောက်မှတောင်သို့ စီးဆင်းလာသော စစ်တောင်းမြစ်အကွေ့၏ တောင်ဘက်ထိပ် တည့်တည့်တွင်တည်ရှိ၍ နှစ်စဉ်မြစ်ရေ တိုက်စားခံရခြင်းကြောင့် မြစ်ကမ်းထိန်းတာဘောင် မြောက်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ သိမ်းကျောင်းတစ်ဆောင် မြစ်ကမ်းပါးပြိုကျမှုတွင်မျောပါသွားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအား ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့်အပြင် လူနေအိမ်များစွာ ရွှေ့ပြောင်းခဲ့ကြရပြီးဖြစ်သည်။
ယခင်နှစ် မိုးရာသီကာလ၌ ကမ်းထိန်းတာကျိုးပေါက်သွားခဲ့ပြီး တောင်ဘက်ခြမ်းရှိ နေအိမ်များကို အန္တရာယ် ဖြစ်ပေါ်ခဲ့သဖြင့် တောင်ငူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊ ကျေးရွာနေဒေသခံများစုပေါင်း၍ ကျိုးပြတ်သွားသည့် တာဘောင် နေရာတွင် သဲအိတ်ပေါင်းများစွာ ဖြင့်အရေးပေါ်ဆောင်ရွက်ပေးခဲ့ရသည်ကို တွေ့ရှိရသည်။
” ကျွန်တော် တို့ကို မြစ်ရေအန္တရာယ်ရှိလို့ တာဝန်ရှိသူတွေက ရွှေ့ပြောင်းကြဖို့ လာရောက် အကြောင်းကြတာ ရှိပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းဖို့အတွက်မြေက မရှိဘူးဖြစ်နေတာ ဒါနဲ့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ခရီးစဉ်မှာ ဒေသရဲ့ အခက်အခဲတွေကို တင်ပြခဲ့တာပါ။ ခုတော့ တောင်ငူမြို့နယ် ဆည်မြောင်းဦးစီးဌာနက ကျိုးပြတ်သွားတဲ့ တာဘောင်အကုန်လုံးကိုမြေဖို့ပြီး သွားပါပြီ မိုးရာသီဆို ခေါင်းပြားအောင်တောင်မအိပ်ရဲတဲ့ အဖြစ်က လွတ်ကင်းပြီပေါ့ဗျာ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဇွန် ၃ ရက်နေ့နေ့လည်ပိုင်းက ရွာတန်းရှည်ကျေးရွာသို့ ရောက်ရှိစဉ် ဒေသခံများက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုလွင်(ဆွာ)