မန္တလေး ၄ ဇွန်
၂၀၁၉ ခုနှစ် ဆဋ္ဌမအကြိမ်မြောက် ဂျပန်-မြန်မာ ချစ်ကြည်ရေးဓာတ်ပုံပွဲတော် ဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်ခဲ့ရာ မြန်မာနိုင်ငံမှ ဓာတ်ပုံဆရာများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပထမဆုကြီး (ဂျပန် ယန်း တစ်သိန်း) ကို မန္တလေးတိုင်းဒေသကြီး အမရပူရမြို့မှ ကိုဌေးလွင်(နှင်းဝတ်ရည်)က ဆွတ်ခူးရရှိခဲ့သည်။ ကိုဌေးလွင်၏ ဆုရဓာတ်ပုံမှာ စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီ ထုံးသင်္ကန်းကပ်လှူအပြီး အနေကဇာတင်လှူခြင်း နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် ရိုက်ကူးထားသည်။ ထို့အပြင် ရွေးချယ်ရေးကော်မတီ၏ အထူးဆုကို မင်းချမ်းစိုး၊ ဂျပန်ဝန်ကြီးချုပ်ကတော်၏ အထူးဆုကို ဌေးဝင်း(ရမ္မာဝတီ)၊ မြန်မာသံအမတ်ကြီး၏ အထူးဆုကို သီဟဇော်၊ ကော်မတီဥက္ကဋ္ဌ၏ အထူးဆုကို ခင်မေစု၊ မျိုးသက်တို့ကလည်းကောင်း ရရှိပြီး ကျန်အထူးဆုများကို မျိုးကိုကိုအောင်၊ နီလာဝင်း၊ ကျော်နိုင်လင်း၊ ဇော်ဟိန်း၊ ချမ်းသာ၊ အောင်သူ၊ ဇော်ဇော်ဝေ၊ ဇော်ဇော်ကောင်းစံနှင့် အာကာထွန်းကျော်တို့က ရရှိကြသည်။
ဆုပေးပွဲ အခမ်းအနားကို မေလ ၂၅ ရက်နေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပပြီး ဝန်ကြီးချုပ်ကတော် ဦးဆောင်၍ ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဓာတ်ပုံအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနှင့် ကိုဇော်မင်း (G.T.S) တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကျော်ထွန်း(ပုသိမ်ကြီး)
