မန္တလေး ၄ ဇွန်
၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ကျောင်းအပ်နှံမှုနှုန်းမှာ ယမန်နှစ်ထက် ခြောက်သောင်းနီးပါး ပိုမိုုတိုးတက်လာကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။
ယမန်နှစ်ပညာသင်နှစ်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်နှံမှုနှုန်းသည် မူလတန်း ၄၄၁၆၀ဝ ဦး၊ အလယ်တန်း ၃၁၀ဝ၁၈ ဦးနှင့် အထက်တန်း ၉၂၉၀၁ ဦး စုစုပေါင်း ၈၄၄၅၁၉ ဦးရှိခဲ့ပြီး ယခုပညာသင်နှစ်တွင် သတ်မှတ်ထားသည့် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်ဖြစ်သော မေ ၂၅ ရက်မှ ၃၁ ရက်အထိ လာရောက်ကျောင်းအပ်နှံသည့်စာရင်းမှာ မူလတန်း ၄၅၆၁၈၃ ဦး၊ အလယ်တန်း ၃၄၇၁၈၀ ဦးနှင့် အထက်တန်း ၁၀ဝ၅၉၅ ဦး စုစုပေါင်း ၉၀၃၉၅၈ ဦးရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများရှိ ကျောင်းသားကျောင်းသူ တစ်ဦးလျှင် ဗလာစာအုပ် တစ်ဒါဇင်နှင့် ပြဋ္ဌာန်းစာအုပ် တစ်စုံစီ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအတွက် ဗလာစာအုပ် တစ်ဒါဇင်လျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် ငွေကျပ် ၉၁၂ သန်း အကုန်ကျခံ သုံးစွဲခဲ့ကြောင်း သိရသည်။
ယခုပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ အဆင့်တိုးကျောင်းပေါင်း ၅၁၁ ကျောင်း တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ကိုယ်ပိုင်ကျောင်းများအနေဖြင့်လည်း လက်ရှိ ၁၇၇ ကျောင်းဖွင့်လှစ်ပေးခဲ့ရာမှ ယခု ပညာသင်နှစ်တွင် ၃၆ ကျောင်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


