ပန်ဆိုင်း ၄ ဇွန်
မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ ရွှေလီမြို့ သက်ကြီးရွယ်အိုအဖွဲ့(NGO)နှင့် ရွှေလီမြို့၊ ကျင်းချိန့်ဆေးရုံတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီတွင် ပန်ဆိုင်းမြို့၊ ရပ်ကွက်(၄)၊ တရုတ်စာသင်ကျောင်း၌ သက်ကြီးရွယ်အိုများအား အထွေထွေရောဂါများကို အခမဲ့စမ်းသပ်ကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆေးကုသမှုပေးခြင်းကို နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးမှုအတွက် ရည်ရွယ်၍ ပန်ဆိုင်းမြို့ တရုတ်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးလောက်ချိနှင့် မစ္စတာချန်ရိလုံ ဦးဆောင်သည့်အဖွဲ့တို့ ညှိနှိုင်းဆွေးနွေးမှုဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်တိုင်း၊ ရွှေလီမြို့ သက်ကြီးရွယ်အိုအဖွဲ့(NGO)နှင့် ရွှေလီမြို့ ကျင်းချိန့်ဆေးရုံမှ အင်အား(၆၀)ဦးခန့် လာရောက်ပြီး သက်ကြီးရွယ်အို စုစုပေါင်း (၃၀)ဦးကို အထွေထွေကျန်းမာရေးအခမဲ့ ကုသစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။
ဆက်လက်၍ တရုတ်ရိုးရာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး တရုတ်စာသင်ကျောင်းများသို့ အားကစားပစ္စည်းများ ဆက်လက်လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


