နေပြည်တော် ၄ ဇွန်
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် လုပ်ငန်းစဉ်များအကြောင်းကို လာရောက်လေ့လာ/ဆွေးနွေးသော မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေပြု National Enlightenment Institute လူ့စွမ်းအား အရည်အသွေးမြှင့်အဖွဲ့အစည်းမှ ဖွင့်လှစ်သည့် လူငယ်နှင့် ခေါင်းဆောင်မှုဆိုင်ရာသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား ယနေ့မွန်းလွဲ ၃ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ အနာဂတ်သည် တိုင်းရင်းသားလူငယ်/ ရွယ်များ၏ လက်ထဲတွင်ရှိပါကြောင်း၊ သင်ခန်းစာ အထောက်အကူပြု လေ့လာရေး ခရီးစဉ်ဖြစ်သည်နှင့်အညီ ခရီးစဉ်အတွင်း လေ့လာမှတ်သားခဲ့ရသည့် မှတ်သားဖွယ်ရာ ဗဟုသုတများကို ယခုသင်ယူနေသော ခေါင်းဆောင်မှု ပညာရပ်များနှင့် ပေါင်းစပ်၍ လက်တွေ့ဘဝတွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာကြရေး ကြိုးစားသွားကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက လူငယ်/လူရွယ်များအနေဖြင့် ခံယူထားရှိရမည့် စိတ်နေသဘောထား၊ Social Media နှင့် Mobile game များ အသုံးပြုရာတွင် စဉ်းစားချင့်ချိန် သုံးစွဲကြရေး အနာဂတ်၏ခေါင်းဆောင်များ ဖြစ်သည်နှင့်အညီ ခေါင်းဆောင်မှုပညာများကို ကြိုးစားလေ့ကျင့် သင်ယူသွားကြရန် မှာကြားသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယညွှန်ကြားရေးမှုး ဦးကျော်အောင်ဝင်းက ရှင်းလင်းတင်ပြပြီး လေ့လာရေးအဖွဲ့မှ တိုင်းရင်းသားသင်တန်းသား သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး ဖြေကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၌ ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယင်မှုပြခန်းများကို လေ့လာကြည့်ရှုသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေပြု National Enlightenment Institute လူ့စွမ်းအား အရည်အသွေးမြှင့်အဖွဲ့အစည်းသည် ဂျာမနီနိုင်ငံအခြေစိုက် Konrad Adenauer Stiftung (KAS- Foundation) ၏ ပံ့ပိုးမှုဖြင့် နိုင်ငံတည်ဆောက်ရေး၏ အဓိကကျသော အခန်းကဏ္ဍများကို လူငယ်/လူရွယ်များ နားလည်နိုင်စေရန်နှင့် အနာဂတ်တွင်လူငယ်များ ဦးဆောင်မှုနေရာများတွင် ပါဝင်နိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့် ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းများ သင်ကြားပို့ချနေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်