နေပြည်တော် ၄ ဇွန်
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကောင်းမွန်သော အပြောင်းအလဲများကို ဖော်ဆောင်ရန် ကလေးသူငယ်မှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို မူဝါဒ၊ ဥပဒေနှင့် မဟာဗျူဟာများချမှတ်၍ လုပ်ငန်းစဉ်များဖြင့် အကောင်အထည်ဖော် လျက်ရှိကြောင်း၊ ပြည်သူများ ထိရောက်စွာခံစား ရရှိစေနိုင်ရန်အတွက် တာဝန်ယူဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
အပြောင်းအလဲကို ဖော်ဆောင်ရာတွင် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သဟဇာတဖြစ်အောင် ဆောင်ရွက်တတ်ခြင်း၊ အနစ်နာခံအားစိုက်ထုတ်ပြီး ဆောင်ရွက်ခြင်းများလိုအပ်ကြောင်း၊ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားရာတွင် မိမိတို့အဖွဲ့အစည်းအတွင်း ညီညွတ်စွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့အပြင် ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများဖြင့် ပွင့်လင်းမြင်သာ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း။
မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်ချိတ်ဆက် ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊ မိမိတို့သည် ဝန်ထမ်းအကြီးအကဲများဖြစ်၍ တာဝန်ကိုကျေပွန်ခြင်း၊ စည်းကမ်းကိုလိုက်နာခြင်း၊ ကျင့်ဝတ်များကို စောင့်ထိန်းခြင်းဖြင့် အဂတိကင်းစွာစံနမူနာပြ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးစိုးအောင်က ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြောကြားခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်တာကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်