နေပြည်တော် ၄ ဇွန်
သန္ဓိစွမ်းရည်မြှင့်တင်ရေးအဖွဲ့ (Sandhi Governance Institute) မှ ဦးစီးပြုလုပ်လျက်ရှိသည့် နိုင်ငံရေးခေါင်းဆောင်မှုသင်တန်း အပတ်စဉ်(၅)မှ ဦးခိုင်ဝင်း ဦးဆောင်သော သင်တန်းသား၊ သင်တန်းသူ (၂၉) ဦးတို့သည် ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက်လေ့လာကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမဆောင်၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်းပိုင်းကာလဟု အပိုင်း (၃)ပိုင်း သတ်မှတ်ဆောင်ရွက်ရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည် လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံ (၅) ချက်နှင့်အညီ ဆောင်ရွက်နေကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်ရေးအတွက် မဟာဗျူဟာစီမံကိန်း (၂၀၁၉-၂၀၂၂)ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးခွင့်ရရှိရေးအတွက် အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း မဲစာရင်းတွင်ပါရှိမှ မဲပေးခွင့်ရရှိမည်ဖြစ်သဖြင့် မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် အလေးထား ဆောင်ရွက်နေကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းကူညီဆောင်ရွက်မှု လိုအပ်ပါကြောင်း၊ ဒီမိုကရေစီ စနစ်အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့တွင် ပါဝင်ဆောင်ရွက်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူတို့က ဆန္ဒမဲပေး၍ ရွေးကောက်တင်မြှောက်ရပါကြောင်း၊ သို့ဖြစ်၍ မဲဆန္ဒရှင်ပြည်သူတိုင်းက မိမိတို့ဆန္ဒနှင့်အညီ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ဆန္ဒမဲပေးရန် လိုအပ်ပါကြောင်း။
လာရောက်လေ့လာကြသော သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတ်စွမ်းသမျှ ကူညီဆောင်ရွက် ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်ရုံး၏ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို အကျဉ်းချုပ် ရှင်းလင်းတင်ပြကြပြီး လာရောက်လေ့လာသူများက သိရှိလိုသည့် မေးမြန်းကြသည်။
သတင်းစဉ်