နေပြည်တော် ၄ ဇွန်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဖတ်ကြားတင်ပြရာတွင် နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက် ပေးပို့လာသည့် အချက် (၂)ချက် ရှိပါကြောင်း၊ တစ်ချက်မှာ တရားလွှတ်တော်ရှေ့နေများကို ရွေးကောက်တင်မြှောက်ဖွဲ့စည်းနိုင်ရန် ဖြစ်ပါကြောင်း၊ လွှတ်တော်က သုံးနှုန်းထားသည်မှာ တရားလွှတ်တော်ရှေ့နေလုပ်သက် (၁၅)နှစ်ဟု သုံးထားပါကြောင်း၊ (၁၅)နှစ်ဟု အတိအကျ သုံးထားခြင်းအားဖြင့် ဥပဒေ၏ ရေးထုံးအရလည်း ကွဲလွဲမှုရှိသကဲ့သို့ လက်တွေ့ကျင့်သုံး ဆောင်ရွက်ရသည့် အခါတွင်လည်း (၁၅)နှစ်ဆိုသည့် အချိန်အတိအကျ သတ်မှတ်မှု အစားအနည်းဆုံးလုပ်သက် (၁၅)နှစ်ရှိသူဟု သတ်မှတ်သင့်ကြောင်း သဘောထားပေးပို့ခဲ့ခြင်း ဖြစ်ပါကြောင်း။
ထို့ပြင် ယခုဥပဒေသည် ပြင်ဆင်သည့် ဥပဒေဖြစ်ပါကြောင်း၊ ပြင်ဆင်သည့် ဥပဒေတွင် ပါဝင်သည့် အပိုင်းများတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟု ပြင်ဆင်ခဲ့သော်လည်း ဥပဒေတစ်ရပ်လုံးတွင် ပါဝင်နေသည့် အခြားသော တရားလွှတ်တော်ဆိုသည့် စကားရပ်များကို ပြင်ဆင်ရန် လိုအပ်နေပါကြောင်း၊ ဥပဒေတစ်ရပ်လုံးတွင် ပါဝင်နေသည့် တရားလွှတ်တော်ဆိုသည့် စကားရပ်များကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်ဟူ၍ ပြင်ဆင်ပေးရန် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် တရားလွှတ်တော်ရှေ့နေများ ကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မ၏ သဘောထားမှတ်ချက်အတိုင်း (၂)ချက်လုံးကို ပြင်ဆင်သင့်ပါကြောင်း ပြည်ထောင်စု လွွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၉ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယင်းဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး ကတစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၁ အပိုဒ်ခွဲ(က)နှင့်အညီ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ထားသည့်အတိုင်း အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်းတစ်ရပ်လုံးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ၊ FMO နှင့် ING Bank ထံမှ ယူရို ၂၉ ဒသမ ၉၆ သန်း ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အမရပူရမဲဆန္ဒနယ်မှ ဦးအောင်ဇော်မြင့်က အဆိုပါ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ခြင်းအားဖြင့် လူဦးရေ(၂)သိန်းကျော်အား ဘေးကင်းလုံခြုံစိတ်ချရသည့် ရေကောင်းရေသန့်ကို တစ်ရက်လျှင် ရေဂါလံ (၇)သန်း (၂၄)နာရီ (၇)ရက်ပတ် လုံးဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပြီး စက်မှုဇုံ (၁) (၂) (၃)ရှိ စက်ရုံ၊ အလုပ်ရုံများနှင့် ရေသန့်စင်စက်ရုံအနီးရှိ ကျေးရွာ(၃)ရွာတို့မှာလည်း ရေကောင်းရေသန့်ရရှိခံစား ရမည်ဖြစ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာခြင်း စသည့် အကျိုးကျေးဇူးရရှိမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ ချေးငွေရယူသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက အဆိုပါ ချေးငွေကို ပြည်ထောင်စုအစိုးရမှ တာဝန်ခံ၍ ချေးသော်လည်း တာဝန်ယူဆပ်ရမည်မှာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ဖြစ်ပါကြောင်း၊ ချေးငွေကို စနစ်တကျ ပြန်ဆပ်နိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် စီမံကိန်း အကောင်အထည်ဖော်ပြီးနောက်နှင့် အကောင်အထည်မဖော်ခင် ကာလတွင်ပါ အခွန်အရပ်ရပ်ကို စနစ်တကျကောက်ခံရန် စီမံကိန်းများ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် ဒုဋ္ဌဝတီမြစ်ရေကို ရယူဆောင်ရွက်မည် ဖြစ်သည့်အတွက် နည်းပညာ၊ ဒီဇိုင်းအားလုံး စနစ်တကျ ဆောင်ရွက်ပေးမည်ဆိုပါက အကောင်းဆုံးဖြစ်လာမည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် ချေးငွေရယူရေးကိစ္စအား ထောက်ခံဆွေးနွေးရင်း အကြံပြုအပ်ပါကြောင်း ပြောကြားသည်။
အဆိုပါ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်း အောင်စိုး၊ ချမ်းအေးသာဇံမဲဆန္ဒနယ်မှ ဦးမျိုးနိုင်၊ ချမ်းမြသာစည်မဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းလှသိန်း၊ ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း၊ မန္တလေးတိုင်းဒေသကြီးမဲဆန္ဒ နယ်အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်း၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၊ မဟာအောင်မြေမဲဆန္ဒနယ်မှ ဦးငြိမ်းသစ်၊ ပြည်ကြီးတံခွန်မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းနှင့် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းတို့က ဆက်လက်ဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း ၁၀ဝ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက ကိုယ်ဝန်ဆောင်မိခင်မှစ၍ မွေးဖွားလာသော ကလေးအသက်နှစ်နှစ် ပြည့်သည်အထိ ငွေကြေးအထောက်အပံ့ပေးရေးအစီအစဉ်ကို အကောင်အထည်ဖော်သည့်နေရာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ MCCT လုပ်ငန်းလက်စွဲအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆင့် (၆) ဆင့် ရှိသည့်အနက် ပထမအဆင့်ဖြစ်သည့် ရပ်ရွာလူထုအား အသိပေးခြင်းဆိုသည့် အစီအစဉ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်၍ ရပါကြောင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းမှတစ်ဆင့် အဆင့် ၁ ကို ဝိုင်းဝန်းကူညီ၍ ရပါကြောင်း၊ အဆင့် (၆) ဖြစ်သည့် အစီအစဉ် စောင့်ကြည့်လေ့လာခြင်းနှင့် တိုင်ကြားမှုဆောင်ရွက်ခြင်းဆိုသည့် အဆင့်တွင်လည်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်၍ ရပါကြောင်း။
လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အစီအစဉ်အကောင်အထည်ဖော်မည့် ဒေသများတွင် မြို့နယ်အဆင့်အထိ ရုံးခန်းများဖွင့်လှစ်ပြီး ဝန်ထမ်းအင်အားလုံလုံလောက် လောက်ခန့်ထားပေးရန် ဖြစ်ပါကြောင်း၊ ဦးဆောင်အကောင်အထည်ဖော်မည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့အကြား ပေါင်းစပ်ညှိနှိုင်းမှုနှင့်ပူး ပေါင်းဆောင်ရွက်မှုကို သေချာစွာ ညှိနှိုင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း အကြံပြု ထောက်ခံဆွေးနွေးသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းက ချေးငွေသည် ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံအတွက် အလွန်အကျိုးသက်ရောက်မှုရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသော ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ကျေးလက်ဒေသနေ ကိုယ်ဝန် ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက် ကလေးများအတွက် ပို၍ အကျိုးကျေးဇူးရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်နှင့် ဆက်စပ်မှု ရှိသောကြောင့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ ဖြိုးမှုအဖွဲ့မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ရယူရေးကိစ္စအား ထောက်ခံပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုသင့်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုး ဇော်ဦး၊ ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း၊ လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၊ ပြည်မဲ ဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်၊ မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးသူ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်ငွေ၊ ညောင်ဦးမဲဆန္ဒနယ်မှ ဦးစော၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကြည်၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁)မှ ဦကျော်သောင်းနှင့် ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေတို့က ဆက်လက်ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ဦးစောသန်းထွဋ်က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် အမျိုးသားစီမံကိန်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံ စာ (၉/၂၀၁၉)ကို ဖတ်ကြားတင်ပြရာတွင် နိုင်ငံပိုင်တည်ဆောက်ရေးလုပ်ငန်းများကို ပွင့်လင်းရာသီတစ်လျှောက် တဆက်တစပ်တည်း အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရန် ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲသတ် မှတ်ခဲ့သော်လည်း ဘဏ္ဍာရေးစည်းမျဉ်းနှင့် တင်ဒါလုပ်ထုံးလုပ်နည်းများ ဌာနတွင်း လိုက်ပါလုပ်ဆောင်နိုင်မှုအား နည်းမှုများကြောင့် တည်ဆောက်ရေးလုပ်ငန်း အများစုကို လုပ်ငန်းမစတင်နိုင်မှုများအား သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လေ့လာသုံးသပ်လျက် ပြန်လည်ပြင်ဆင်ဆောင်ရွက်သင့်သည်ကို သဘောထားမှတ်ချက်ပြုပါကြောင်း။
အမျိုးသားစီမံကိန်းအစီရင်ခံစာပါ လုပ်ငန်းစီမံကိန်း (Project) များ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ဖော်ပြရာ၌ ငွေကြေးတန်ဖိုးအားဖြင့် ဖော်ပြသည့်အပြင် လုပ်ဆောင်မည့် လုပ်ငန်းရပ်များအလိုုက်၊ မည်သည့်အတိုင်းအတာအထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြောင်း တိကျစွာ ဖော်ပြသင့်သည်ကို သဘောထားမှတ်ချက်ပြုပါကြောင်း။
ဆောက်လုပ်မှုကဏ္ဍတွင် ရုံး၊ ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတား၊ ဆိပ်ကမ်း၊ ဆည်မြောင်း၊ မဟာဓာတ်အားလိုင်းစသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ (Public Utilities) ကို ပိုမိုဦးစားပေး ဆောက်လုပ်နိုင်ရေးအတွက် အလေးထားဆောင်ရွက်သင့်သည်ကို သဘောထား မှတ်ချက်ပြုပါကြောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းအချို့၏ သာမန်စာရင်းလိုငွေဖြစ်ပေါ်နေမှုကို ဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းများ ရှာကြံဆောင်ရွက်သင့်သည်ကို သဘောထားမှတ်ချက်ပြုပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးရေးအတွက် MSME နှင့် SME များအတွက် လိုအပ်သည့် လုပ်ငန်းသုံးချေးငွေများ လွယ်ကူစွာ ရရှိစေနိုင်ရေးနှင့် ချေးငွေများ ပိုမိုရရှိနိုင်စေရေးတို့အတွက် နည်းလမ်းများရှာကြံ ဆောင်ရွက်သင့်သည်ကို သဘောထားမှတ်ချက်ပြုပါကြောင်း။
Ease of Doing Business ညွှန်းကိန်းအဆင့် တိုးတက်ကောင်းမွန်လာရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်သူပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်ကာ အကြံဉာဏ်များရယူခြင်း၊ ပြည်ပနိုင်ငံများ၏ အတွေ့အကြုံများကို လေ့လာခြင်းတို့ဖြင့် ကြိုးပမ်းဆောင်ရွက်သင့်သည်ကို သဘောထားမှတ်ချက်ပြုပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်း ပထမ(၆)လပတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ အမှတ်စဉ်(၉/၂၀၁၉) အား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၄(က)၊ (ခ)၊ (ဂ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အစီရင်ခံ တင်ပြရင်း အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးစဉ်းစားပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဝင် ဦးကျော်တင့်က ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာ ရေးနှစ် ပထမ ၆ လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/ ၂၀၁၉) ကိုဖတ်ကြားတင်ပြ၍ လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ဇွန် ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်