ဆိပ်ဖြူ  ၄ ဇွန်

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် လူငယ်ရေးရာ မူဝါဒရှင်းလင်းခြင်းနှင့် မြို့နယ် လူငယ်ရေးရာကော်မတီဖွဲ့စည်းခြင်းကို ဇွန် ၄ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ငွေသဲဖြူခန်းမတွင် ကျင်းပပြုလုပ်သည်။

 

1..

 

ယနေ့ခေတ် လူငယ်များအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍတစ်ရပ်မှနေ၍ စည်းလုံးညီညွတ်စွာဖြင့် ဦးဆောင် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လာနိုင်စေရန် မျှော်မှန်းချက်၊ ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ် လူ့တန်ဖိုးနှင့် ဦးဆောင်မှု အရည်အသွေး၊ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များအဖြစ် ပျိုးထောင်ပေးပြီး နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်လာစေရန် ရည်ရွယ်၍  မြို့နယ် လူငယ်ရေးရာ ကော်မတီဖွဲ့စည်းခြင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်တို့က အမှာစကားများ ပြောကြားပေးပြီး တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးဝေယံက ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များနှင့် လူငယ်ရေးရာမူဝါဒဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာများမှ လူငယ်များက မြို့နယ်လူငယ်ရေးရာ ကော်မတီဖွဲ့စည်းနိုင်ရေး ဆန္ဒမဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ မြို့နယ် လူငယ်ရေးရာကော်မတီကို ဌာဆိုင်ရာ (၈) ဦး၊ ရပ်ကွက်/ကျေးရွာများမှ လူငယ်များက အသက် (၁၅) နှစ်မှ (၃၅)နှစ်အတွင်း လူငယ် (၁၃) ဦး စုစုပေါင်း (၂၁) ဦးဖြင့် ဖွဲစည်းခဲ့ကြောင်း သိရှိရသည်။

စိုးလင်းနိုင်(ပြန်/ဆက်)