ဖယ်ခုံ    ၅   ဇွန် 


ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုးသီးနှံမျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၄ ရက်က စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးစိုးက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက်က ဘိန်းအစားထိုးသီးနှံ မျိုးကောင်းမျိုးသန့် မျိုးစပါး ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် အခမ်းအနား တက်ရောက်လာသော ရီလုံရီကန်နှင့် ရီနွဲ့ကျေးရွာအုပ်စုတို့မှ တောင်သူများအား မျိုးကောင်းမျိုးသန့် ဧက(၁၀ဝ)အတွက် မျိုးစပါးများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ဘိန်းအစားထိုးသီးနှံ မျိုးစေ့များပေးအပ်ရာတွင် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရန်၊ အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ သုံးစွဲတတ်လာစေရန်၊ စိုက်နည်းစနစ်များနှင့် အပင်ပြုစုစောင့်ရှောက်ခြင်း လုပ်ငန်းများ စနစ်တကျ လုပ်ဆောင်တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ကိုထွေး(ဖယ်ခုံ)