ဘုတလင် ၅ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇော်က အမှာစကား ပြောကြားပြီး မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးကြည်က ပိုက်ဆံလျှော်၊ ပဲတီစိမ်း စိုက်ပျိုးခြင်းဖြင့် သီးနှံ၏ အရည်အသွေးနှင့် မြေဆီလွှာ၏ အရည်အသွေးတို့ တိုးတက်စေရန်အတွက် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ခရိုင်ဦးစီးမှူး ဦးမျိုးကြည်၊ တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်ချိုချိုမာနှင့် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မေသူကျော်တို့က သက်ရှိအဏုဇီဝ၊ သစ်ဆေးမြေသြဇာ၊ မြေဆီလွှာဖွဲ့စည်းမှု၊ မြေသားဖွဲ့စည်းမှု၊ မြေနမူနာ စစ်ဆေးမှုနှင့် မြေသြဇာ ဥပဒေအကြောင်းတို့ကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရ သည်။
သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာ(၃၀)မှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟန်ထွန်း(ပြန်/ဆက်)