ကျောက်ထု ၅  ဇွန် 


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် သီးနှံမျိုးကောင်းမျိုးသန့်များ မျိုးစေ့ထုတ် စိုက်ပျိုးနိုင်ရန်  ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးရွာ ၃၁ ရွာ တောင်သူ ၂၂ ဦးတို့ထံ ဆင်းသုခစပါးမျိုးသန့် တင်း ၂၅၀၊ မြေပဲ ၂၉ တင်း၊ ရှပ်ဖြူနှမ်း ၂ တင်း၊ မကွေးနက်နှမ်း ၂ တင်းတို့ကို ထောက်ပံ့ခဲ့ရာ ဆောမြို့နယ် ကျောက်ထုမြို့ဒေသ၌ ဇွန် ၃ ရက်မှစတင်ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အဆိုပါ မျိုးစေ့များ တောင်သူများထံ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ 


"ကျောက်ထုမြို့ဒေသက ကျေးရွာတောင်သူများအတွက် သီးနှံမျိုးစေ့တွေကို အပြီးသတ်ထုတ်ပေး နိုင်ပြီးဖြစ်ပါတယ်၊ မျိုးကောင်းမျိုးသန့် အထောက်အပံ့ရလို့ တောင်သူများအနေနဲ့လဲ ဝမ်းမြောက်ဝမ်းသာ ရှိကြပါတယ်" ဟု ကျောက်ထုမြို့စိုက်ပျိုးရေးဦးစီးဌာနမှူး  ဦးကျော်မြင့်က ပြောသည်။ 


ထို့ပြင် ကျောက်ထုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် နယ်မြေအတွင်းရှိ ကျေးရွာများသို့ မိုးရာသီစိုက်ပျိုးချိန်မီ ကွင်းဆင်း၍ စိုက်ပျိုးရေး အသိပညာပေးဟောပြောဆွေးနွေးလျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


MDN