မိတ္ထီလာ ၅ ဇွန်
မိတ္ထီလာတွင် ယခုနှစ်မိုးရာသီကာလ၌ လူထုသို့ဖြန့်ဝေမည့် သစ်ပင် ၉၀ဝ၀ဝ အပါအဝင် သစ်ပင် ၁၁၉၂၀ဝ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးမှူးဦးစိုးလွင်သူထံက သိရသည်။
“မိတ္ထီလာမှာ ယခုနှစ် မိုးရာသီကာလသစ်ပင်စိုက်ပျိုးရမယ့်အချိန်မှာ လူထုကို အခမဲ့ဖြန့်ဝေတဲ့ သစ်ပင် ၉၀ဝ၀ဝ အပါအဝင် တောင်လျှော်ကန်ကြိုးဝိုင်း ကျေးရွာသုံးထင်းစိုက်ခင်းမှာ ယူကလစ် ၂၄၂၀ဝ ပင်၊ မိတ္ထီလာကန်ရေဝေရေလဲဒေသဖြစ်တဲ့ ကုန်းတန်းရေဝေရေလဲအရပ်မှာ တမာပင် ၅၀ဝဝ ပင် စုစုပေါင်း သစ်ပင် ၁၁၉၂၀ဝ ပင်ကို စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ လူထုဖြန့်သစ်ပင်ပျိုးပင်တွေကိုတော့ စတင်ဖြန့်ဝေ ပေးနေပြီး နယ်မြေခံတပ်ရင်းတပ်နယ်တွေ၊ သင်တန်းကျောင်းတွေကနေ သစ်ပင်စိုက်ဖို့ လာရောက်ယူနေတာမို့ ဖြန့်ဝေပေးနေပါတယ်။ အောင်ဆန်းရပ်ကွက်နယ်မြေအတွင်းမှာလည်း လိုအပ်တဲ့နေရာတွေကို သစ်ပင်တွေ စိုက်ပျိုးပေးနိုင်ဖို့ သက်ဆိုက်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းဆွေးနွေးနေပါတယ်” ဟု မြို့နယ်သစ်တောဦးစီးမှူး ဦးစိုးလွင်သူက ပြောသည်။
မိတ္ထီလာတွင် စိုက်ပျိုးမည့်သစ်ပင် အမျိုးအစားများမှာ တမာ၊ ယူကလစ်၊ စိန်ပန်း၊ မြန်မာကုက္ကို၊ ပိတောက်၊ သစ်ပုလွေ၊ ထနောင်း၊ ဥသျှစ်၊ စောင်ချမ်း၊ သပွတ်ကြီး၊ ပင်လယ်ကဗွီး၊ ဝါးဖြူ၊ ကျွန်း စသည့် သစ်ပင်မျိုးများဖြစ်ပြီး မေ ၂ ရက်နေ့က မိတ္ထီလာတောင်ကန် ကန်ပတ်လမ်းတွင် သစ်တောဦးစီးဌာနနှင့် ဒေသခံ သစ်ပင်စိုက်လူငယ်အဖွဲ့ (Htilar Green Cycle) ပူးပေါင်း၍ စိန်ပန်းပင် ၁၉၂ ပင်ကို စိုက်ပျိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)