မလှိုင် ၅ ဇွန်
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ်ရှိ သမိုင်းဝင် ပန်းအိုင်ရွှေမုဌောဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပန်းအိုင်ကျေးရွာ ဂေါပကအဖွဲ့ထံမှ သိရသည်။
ပန်းအိုင်ရွှေမုဌောဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နယုန်လဆန်း ၇ ရက်မှစတင်၍ လဆန်း ၁၃ ရက်အထိ အသံမစဲ ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မည်ဖြစ်ကာ လဆန်း(၁၄)ရက်တွင် ဘုရားရောင်တော်ဖွင့် အနေကဇာတင်မည်ဖြစ်ပြီး ပန်းအိုင်ရွှေမုဌောဘုရား စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
“ယခုနှစ် ပန်းအိုင်ရွှေမုဌောဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတွင် နယုန်လဆန်း ၁၃ ရက်မှ လပြည့်ကျော် ၅ ရက်အထိ မျက်လှည့်ဖြင့် လည်းကောင်း၊ လပြည့်ကျော် ၆ ရက်မှ လပြည့်ကျော် ၁၀ နေ့အထိ မိုးဝင်းဇာတ်ဖြင့်လည်းကောင်း၊ လပြည့်ကျော် ၁၁ ရက်မှ ဝါဆိုလပြည့်နေ့အထိ ချမ်းသာဇာတ်ဖြင့်လည်းကောင်း ကပြဖျော်ဖြေမည်ဖြစ်ကြောင်း” ပန်းအိုင်ရွှေမုဌော ဂေါပကအဖွဲ့မှ သိရသည်။
ပွဲတော်ဈေးအတွင်း ကလေးကစားစရာများ၊ တောင်သူလယ်ယာသုံး ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ ရောင်းချလေ့ရှိပြီး ရက်ရှည်ကျင်းပသည့် နယုန်ပွဲတော်တစ်ခု ဖြစ်သည်။

ပန်းအိုင်ရွှေမုဌောဘုရားပွဲတွင် လာရောက်ရောင်းချသော ဈေးသည်များ လာရောက်လည်ပတ် ဘုရားဖူးလာသော ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးအတွက် ပြည့်ဝစွာ စီစဉ်ထားကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက် ထံမှသိရသည်။
အဆိုပါ ဘုရားပွဲတော်ကို မြန်မာရိုးရာ ယဉ်ကျေးမှုဓလေ့အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်အတွင်း အရက်၊ ဘီယာ ရောင်းချခြင်းနှင့် လောင်းကစားခြင်းများ၊ ဆေးမင်ကြောင် ထိုးခြင်းများ ခွင့်မပြုကြောင်း သိရသည်။
ဘုရားပွဲကြီးကို ဈေးသည်များ ရောင်းချနိုင်ရန် ဆိုင်ခန်းပေါင်း (၁၀ဝ၀)ကျော် စီစဉ်ထားပြီး ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံရေးအတွက် ပြည့်ဝစွာ စီစဉ်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်ထံမှ သိရသည်။
ဘိုဘို(မလှိုင်)