မကွေး ၅ ဇွန်
၂၀ဝ၃ ခုနှစ်မှ ၂၀ဝ၆ ခုနှစ်အထိ လေကြောင်းခရီးများ ပျံသန်းပြေးဆွဲခဲ့ပြီး ၁၃နှစ်ကြာ ခရီးသည်တင်လေယာဉ် ဆင်းသက်ခြင်းမရှိသည့် မကွေးလေဆိပ်၌ ၂၀၁၉ ဇွန်လ ၂၅ ရက်နေ့မှစ၍ ရန်ကုန်-မကွေး-စစ်တွေ(သို့)အမ်းခရီးစဉ်ဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့်စနေနေ့များတွင် ခရီးစဉ်များပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာ့အမျိုးသားလေကြောင်း Myanmar National Airlines (MNA) မှ သိရသည်။
“MNA လေကြောင်းဦးစီးက စီအီးအို ကပ္ပတိန် ဦးသန်းထွန်းနဲ့ သွားညှိနှိုင်းတဲ့အခါ စစ်တွေ-ရန်ကုန် လမ်းကြောင်းရှိနေတော့ စစ်တွေ(သို့)အမ်း-မကွေး-ရန်ကုန် လမ်းကြောင်းဆွဲလိုက်ပါတယ်။ အမ်းမှာဆင်းနေတာက အင်္ဂါနဲ့စနေ (၂) ရက် ဆင်းနေတာဖြစ်လို့ အဲဒါနဲ့ချိတ်ပြီးတော့ မကွေးမှာလည်း အင်္ဂါနဲ့ စနေ (၂)ရက်ပဲဆင်းမှာပါ။ အစက Caravan အမျိုး အစား (၁၂)ယောက်စီးလေးနဲ့ ဆင်းမယ်လို့ စီစဉ်ခဲ့တာပေမယ့် မကွေး နဲ့ရန်ကုန်က (၁)နာရီလောက်မောင်းရတာမို့ ATR-72 နဲ့ပဲ ဆင်းပေးမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ကြတာပါ”ဟု မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း (မကွေးဇုန်)ဥက္ကဋ္ဌ ဦးစံထွေး က အတည်ပြုပြောကြားသည်။

ခရီးသည် ၆၀ ဝန်းကျင် စီးနင်းနိုင်သည့် ATR 72-600 လေယာဉ်များဖြင့်နံနက် ၈ နာရီမှ ၁၀ နာရီအတွင်း ပြေးဆွဲသွားရန် စီစဉ်ထားပြီး ရန်ကုန်-မကွေးခရီးစဉ်အတွက် မြန်မာငွေ ၆၈၀ဝ၀ ကျပ် (သို့) USD 73 ကျသင့်မည်ဖြစ်ကြောင်း၊ ဇွန်လ ၂၀ ရက်နေ့၌ လေယာဉ်လက်မှတ်များ ရောင်းချသွားမည်ဖြစ်ကာ အွန်လိုင်းမှလည်း ဝယ်ယူနိုင်ကြောင်း ဦးစံထွေးထံမှ သိရသည်။
“မကွေးလေဆိပ်ကြီးသာဖွင့်ပြီဆိုရင် FIT(Foreign Independent Tour)ပဲဖြစ်ဖြစ်၊ Tour ကုမ္ပဏီပဲဖြစ်ဖြစ် ရန်ကုန်ကနေ မကွေးလေဆိပ်ကို တိုက်ရိုက်ဆိုက်နိုင်မယ်။ ဒီလိုဆိုက်လာရင် မကွေးက ဟိုတယ်၊မိုတယ်တစ်ခုခုမှာ တည်းခို အခြေပြုပြီးတော့မှ လည်ဖို့ပတ်ဖို့ကို စဉ်းစားကြတာမျိုးဖြစ်တဲ့အတွက် နိုင်ငံခြားသားဝင်ရောက်မှု တိုးမြင့်လာနိုင်သလို ညအိပ် တည်းခိုမှုတွေလည်း များလာနိုင်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမြင့်စိန်က ဆိုသည်။
၂၀ဝ၃ခုနှစ်ဝန်းကျင်က ခရီးစဉ်များတွင် ခရီးသည်နည်းပါးလွန်းသည့်အခြေအနေကို မတွေ့ခဲ့ရကြောင်း၊ ဆေးတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ်များ ရှိနေခြင်းအပြင် အရေးပေါ်လုပ်ဆောင်ရမည့် ဝန်ထမ်းရေးရာများ၊ ဆေးကုသမှုများ၊ စီးပွားရေးလုပ်ငန်းများလည်း ရှိနေမည်ဖြစ်သဖြင့် ဒေသနှင့် လေကြောင်းခရီးဆိုင်ရာ အကျိုးစီးပွားများ ပြန်လည်အသက်ဝင်လာမည်ဖြစ်ကြောင်း မကွေးလေဆိပ်တွင် စစ်ဆေးရေးတာဝန်ထမ်းဆောင်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတစ်ဦးက သုံးသပ်ပြောကြားသည်။
ဇေယျတု(မကွေး)