လိုင်လင်းပီ ၅ ဇွန်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်း၊ အမှိုက်ကောက်ခြင်းများကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ တစ်မြို့လုံး အတိုင်းတာဖြင့် ပြုလုပ်ကြသည်။
အထိမ်းအမှတ်နေ့ ပြုလုပ်ရခြင်းနှင့် ပက်သက်၍ “ကမ္ဘာနှင့်အဝန်း ရာသီဥတုတွေ ဖောက်ပြန်လာတယ်၊ ကျွန်တော်တို့ ချင်းတောင်ဆိုလည်း ရွှေ့ပြောင်းတောင်ယာစနစ်ကြောင့် သစ်တောတွေပြုန်းလာပြီး နွေရာသီဆို အရမ်းပူလာတယ်။ ဒါကြောင့် သဘာဝအတိုင်းရှိနေသေးတဲ့ သစ်တောတွေကို ကာကွယ်ထိန်းသိမ်းရင်း သစ်ပင်တွေလည်းပြန်စိုက်ဖြစ်တယ်၊ နောက်မြို့တွင်း လမ်းဘေးတစ်လျှောက်တွေမှာ အမှိုက်တွေကောက်ကြတယ်၊ အဓိကတော့ မြို့ပတ်ဝန်းကျင် သာယာလှပစေဖို့ ရည်ရွယ်ပြီးတော့ အခုလိုသစ်ပင်စိုက်တာတွေ အမှိုက်ကောက်တာတွေလုပ်ဖြစ်တာပါ” ဟု မြို့ခံတစ်ဦးမှပြောကြားသည်။
သစ်ပင်စိုက်ရန်အတွက် ပျိုးပင်များကို ဒေသခံများကိုယ်တိုင် ကြိုတင်ရှာဖွေပျိုးထောင်ထားကြပြီး မြို့ပေါ်ရှိ အိမ်ထောင်စုများမှ မိမိတို့အိမ်ခြံဝန်းများတွင် တစ်အိမ်တစ်ပင်နှုန်းဖြင့်၎င်း လိုင်လင်းပီမြို့၏ အပန်းဖြေနေရာတစ်ခုဖြစ်သည့် ကျောက်တောင်(Mara pazopazona su)၌ လည်းကောင်း၊ ယခင် မြို့တွင်းသောက်သုံးရေရရှိရေးအတွက် ရေသွယ်တန်းယူရသည့် ဇော်ဆီးချောင်းမှ ရေထွက်စမ်းနေရာတို့တွင် ညောင်ပင်၊ ပိန္နဲပင်၊ ဇီးပင် စသည့် သီးပင်စားပင်များ၊ အရိပ်ရအပင်များနှင့် နှစ်ရှည်ပင်များ စုစုပေါင်းအပင်(၁၀ဝ)ကျော် စိုက်ပျိုးကြကြောင်း သိရသည်။
ယခုလို အထိမ်းအမှတ်နေ့တွင် သစ်ပင်စိုက်ပျိုးခြင်း၊ အမှိုက်ကောက်ခြင်းတို့ကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ (NGO)အဖွဲ့အစည်းနှစ်ခုဖြစ်သည့် ကျန်းမာခြင်းနှင့် မျှော်လင့်ခြင်း(H&H)၊ အတူတကွလူမှုဖွံ့ဖြိုးရေးအဖွဲ့(TSD)တို့နှင့် ဒေသခံပြည်သူများက ပူးပေါင်းပြုလုပ်ကြခြင်းဖြစ်ကြောင်းနှင့် နောင်နှစ်များတွင်လည်း ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်နိုင်ရန်အတွက် သစ်ပင်စိုက်ပျိုးပင်များကို စနစ်တကျပြုစုပျိုးထောင်ထားခြင်းများ ဆက်လက်ပြုလုပ်သွားကြမည်ဖြစ်ကြောင်း မြို့နယ်ပြန်ဆက်မှ သိရသည်။
MDN