မကွေး ၅  ဇွန် 


မိုးမျှော်၍ ကြိုတင်ကြဲပက်စိုက်ပျိုးထားသော နှမ်းမျိုးများမှာ မိုးဦးနောက်ကျမှု၊ အပူချိန်ပြင်းထန်မှုများကြောင့် ပျက်စီးသွားခဲ့ရပြီး မေလကုန်၌ရွာသွန်းခဲ့သည့်မိုးဖြင့် ဒုတိယအကြိမ်မြောက်အဖြစ် နှစ်ခါပြန်စိုက်ခဲ့ရခြင်းကြောင့် မကွေးမြို့နယ် အတွင်း ကျေးရွာအချို့မှ မြေပဲ၊နှမ်းစိုက်တောင်သူများမှာ စိုက်ပျိုးရာသီအစ၌ပင် အရှုံးပေါ်နေရကြောင်း သိရသည်။


“မိုးရနောက်ကျတော့ စိုက်ထားတဲ့ နှမ်းနဲ့မြေပဲပင်လေးတွေ စုံလင်အောင်မပေါက်ကြတော့ဘူး။ ပေါက်လာတဲ့ အပင်တွေကျပြန်တော့လည်း နေအပူရှိန်ပြင်းတာကြောင့် သေကုန်ကြတယ်။ အခုနောက်မိုးရွာမှပဲ ဒုတိယအကြိမ် ပြန်စိုက်ကြရတယ်။ အခုနှစ်ကတော့ ရာသီအစမှာကိုပဲ နစ်နာဆုံးရှုံးမှုတွေရှိပါတယ်” ဟု ရှားဇောင်းကန်ကျေးရွာမှ တောင်သူ ဦးကြည်စိန်က ပြောသည်။


မြေပဲနှင့် နှမ်းမျိုးစေ့ဖိုးများ၊ ထွန်ယက်ခ၊ လုပ်သားခ စသည့် နစ်နာမှုများကို တွက်ကြည့်လိုက်လျင် တောင်သူတစ်ဦးကို အနည်းဆုံး ငွေကျပ်ငါးသိန်းကျော် မှ သိန်းနှစ်ဆယ်ကျော်အထိ ဆုံးရှုံးမှုများရှိနေကြောင်း ၎င်းကပြောဆိုသည်။


တောင်သူများအနေဖြင့် သမရိုးကျနည်းဖြင့် ကြဲပက်လျင် ၄ ဧကအကျယ်ယာတစ်ခင်းကို နှမ်းမျိုးတစ်တင်း ကုန်ကျပြီး ထွန်ရေးကြောင်းပေါ်တွင် နှမ်းပုံးချ (အစေ့ကျရုံ အပေါက်ငယ်များဖောက်ထားသည့်ကော်ခွက်ထဲမှ နှမ်းမျိုးချခြင်း) နည်းကိုအသုံးပြုပါက မျိုးတစ်ဝက်ခန့် သက်သာသည့်အတွက် ယင်းနည်းလမ်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချနေရကြောင်း သိရသည်။


သီးနှံများ နှစ်ခါပြန်စိုက်ရ၍ မကွေးမြို့နယ်အတွင်းမှ ရှားဇောင်းကန်ကျေးရွာ၊မကျီးကန်၊ သစ်ရာကောက်နှင့် ယင်းချောင်းအရှေ့ဘက်ရှိ ကျေးရွာများမှ တောင်သူများ၌ ဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်ခဲ့ပြီး မေလကုန်နှင့် ဧပြီလဆန်းပိုင်းတို့၌ တောင်သူများ မျှော်လင့်နေသော မိုးများ ရွာသွန်းနေပြီဖြစ်ကြောင်း သိရှိရသည်။


ဇေယျတု(မကွေး)