၅ ဇွန်
ဗြိတိန်နိုင်ငံ အောက်စဖို့ဒ်ရှိ ဝိတ်ထရို့စ် (Waitrose) ဆိုင်မှာ ဈေးဝယ်သူတွေက ဆန်ကအစ ဘီယာနဲ့ဝိုင်တွေအထိ ကိုယ့်ထည့်စရာနဲ့ ကိုယ်လာဝယ်ရင် ထုပ်ပိုးထားတဲ့ ပစ္စည်းတန်ဖိုးထက် ၁၅ ရာခိုင်နှုန်းဈေးလျှော့ပေးတာကို တွေ့ရပါတယ်။

မနေ့က စတင်လိုက်တဲ့ မလိုအပ်ဘဲ ပလပ်စတစ်အသုံးမပြုရေးနဲ့ ပလပ်စတစ်ထုပ်ပိုးမှုကို လျှော့ချရေးအတွက် ဈေးဝယ်သူတွေဟာ ကိုယ်ပိုင်ထည့်စရာဗူးတွေထဲမှာ ထည့်ယူရန် အားပေးတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပလပ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ပစ္စည်းများ ဝယ်ယူချင်သူတွေအတွက်လည်း ထုပ်ပိုးထားပြီးသား ပစ္စည်းများလည်း ရောင်းချပေးကြောင်း သိရပါတယ်။

ဝိတ်ထရို့စ် (Waitrose) ဆိုင်ရှိ ရာချီတဲ့ပစ္စည်းအမျိုးစုံမှာ ပလပ်စတစ်နဲ့ ထုပ်ပိုးထားတာတွေကို ဖယ်ရှားလိုက်ပါတယ်။ ဒီအစီအစဉ်ကို သီတင်းပတ် ၁၁ ကြာကနဦးအစီအစဉ် အဖြစ်ဆောင်ရွက်မယ်လို့ သိရပါတယ်။
ပင်လယ်သမုဒ္ဒရာထဲမှာ ပလပ်စတစ်အမှိုက်တွေအကြောင်း ရိုက်ကူးထားတဲ့ Blue Planet လို အစီအစဉ်နဲ့ ပလပ်စတစ်အမှိုက်တွေအကြောင်း သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုတွေကြောင့် အခုလိုပလပ်စတစ်လျော့ချရန် စီစဉ်လာတာဖြစ်ပါတယ်။
ဈေးဝယ်ယူရာတွင် အခုလိုပလပ်စတစ်လျှော့ချနိုင်တဲ့ နည်းလမ်းတွေဟာ ဝိတ်ထရိုစ့်ဆိုင်မှာ အနာဂတ်ဈေးဝယ်ယူရမယ့် ပုံစံမျိုးဖြစ်လာနိုင်တယ် ဆိုတာကို ပြသလိုက်တာဖြစ်ကြောင်း ဆိုင်တာဝန်ရှိသူ တိုးဟားရစ် က ပြောကြပါတယ်။
MDN
ကိုးကား- The Guardian