မန္တလေး ၅ ဇွန်လ
မန္တလေး ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးကွင်းကို ယာယီကားကွင်းသို့ ပြောင်းရွှေ့ရန် သဘောမတူညီသည့်အတွက် ထောက်ခံသည့် ဆန္ဒပြုလက်မှတ်များ ကောက်ခံပွဲ ဇွန်လ ၅ ရက် နေ့လည်ပိုင်းက ယင်းကားကွင်း အတွင်း၌ ချမ်းမြရွှေပြည် စည်းကမ်းထိန်းသိမ်းရေးနှင့် သယာယာလှပရေး ကော်မတီက ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ယာယီကားကွင်း ကိစ္စနှင့်ပတ်သက်ပြီး ချမ်းမြရွှေပြည် ကားကြီးကွင်းအတွင်းရှိ ဂိတ်များ၊ ဝန်ထမ်းများ၊ ဆိုင်ခန်းများ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းများသည် ဆန္ဒပြုသည့် သဘောထားအပေါ်တွင် မူတည်ကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည် ။
" သဘောမတူနိုင်ပါဘူး။ ယာယီကွင်းကိုပြောင်းရွှေ့ရမယ်ဆိုတာ နေရာတွင် ကားတွေရော ၊ ဂိတ်ကဝန်ထမ်းတွေရော နေရေး ထိုင်ရေး စားရေး သောက်ရေး လုံးဝအဆင်မပြေနိုင်တဲ့အတွက် ယာယီကားကွင်းပြောင်းရွှေ့တာကို လုံးဝ သဘောမတူပါဘူး။ "ဟု ချမ်းမြရွှေပြည် စည်းကမ်းထိန်းသိမ်းရေးနှင့် သယာယာလှပရေးကော်မတီနာယက ဦးတင်သောင်းက ပြောသည်။
ယင်းယာယီကားဝင်းကို ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ တံခွန်တိုင်အဝိုင်းအနီးရှိ ဆယ်ဧကကျယ်ဝန်းသောနေရာတွင် ယာယီကားဝင်းနေရာ အတွက် တည်ဆောက်မှုများ လုပ်ဆောင်လျက်ရှိသည်။
ကျွဲဆည်ကန်ကားကြီးဝင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် M-Development Corporation (Myanmar) Co.,Ltd. က ၂၀၁၄ တွင် တင်ဒါ အောင်မြင်ခဲ့ပြီး ၂၀၁၅ တွင် မြေငှားရမ်းအသုံးပြုခကျပ် နှစ်ဘီလီယံ ပေးသွင်းခဲ့ကာ BOT စနစ်ဖြင့် ကနဦးနှစ် ၅၀ လုပ်ကိုင်ခွင့် ရရှိထားပြီး တစ်နှစ်လျှင် ကျပ်သိန်း ၃၀,ဝ၀ဝ ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသို့ ပေးသွင်းရမည်ဖြစ်သည်။
ကျွဲဆည်ကန်ကားကြီးဝင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံကာ ၂၀၂၀ ပြည့်နှစ်တွင်အပြီး တည်ဆောက်ရန် သတ်မှတ်ထားသည်။
လက်ရှိတွင် ချမ်းမြရွှေပြည်ကားကြီးကွင်းအတွင်း၌ ကားဂိတ်အရေအတွက် ၁၃၅ ကျော်နှင့် ဈေးဆိုင်ခန်းအရေအတွက် ၅၀ ကျော်ရှိကြောင်း ချမ်းမြရွှေပြည် စည်းကမ်းထိန်းသိမ်းရေးနှင့် သယာယာလှပရေး ကော်မတီက သိရသည်။
သူရိန်လင်း