ရန်ကုန် ၆ ဇွန်
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန သန်လျင်မြို့နယ်မှ စနစ်ကျလယ်ယာမြေတောင်သူများနှင့် Contract Farming ဖေါ်ဆောင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ ကွင်းအမှတ် ၇၁၈ ရှိ အစိုးရစင်တာ၌ ကျင်းပခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလွင်ကိုလတ် က Contract Farming ဖော်ဆောင်ရန်အတွက် တောင်သူများ ပါဝင် လုပ်ဆောင် နိုင်ရေး ရှင်းလင်းမှာကြား ဆွေးနွေးပြောကြားပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် တာဝန်ရှိသူများက Contract Farming ဖော်ဆောင်လုပ်ကိုင်ခြင်းနှင့် ပတ်သက်၍ တက်ရောက်လာသော တောင်သူများအား ရှင်းလင်းပြောကြားကြသည်။

ထို့နောက် သန်လျင်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်း က တောင်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများအား လုပ်ငန်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းမှာကြားပြီး ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေးမီမီစိုးက စိုက်ပျိုးရေးနည်း စနစ်ဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)