ရေနံချောင်း ၆ ဇွန်
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မြို့ရေပေးရေးလုပ်ငန်းဖြစ်သော ပင်းချောင်း ရေစက်ရုံးမှ ဂါလန်တစ်သန်းဆံ့ သံကန်အထိတင်ပို့သော ၁၄ လက်မ ရေတင်ပိုက်လိုင်းကို မြန်မာ့ ရေနံနှင့်သဘာဝ ဓါတ်ငွေ့လုပ်ငန်း(ရေနံချောင်း ရေနံမြေ)နှင့် Gold Petrol ကုမ္ပဏီတို့မှ လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းရန်ပုံငွေ(CSR) ရန်ပုံငွေဖြင့် ပိုက်လိုင်းပေါက်များ ဖာထေးပြုပြင်ခြင်းနှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် ရပ်ကွက်အလိုက် ရေရရှိမှုလျော့နည်းမည်ဖြစ်ကြောင်း ဇွန် ၅ ရက်နေ့မြို့နယ်စည် ပင်သာယာရေးကော်မတီမှ ထုတ်ပြန်သော အသိပေးကြေညာချက်အရ သိရသည်။
လုပ်ငန်းများဆောင်ရွက်နေစဉ် ဇွန် ၈ ရက်မှ ၁၅ ရက်အထိ ပင်းချောင်းရေစက်ရုံမှ ရေတင်ခြင်းလုပ်ငန်းများကို နေ့အချိန်တွင် ရပ်နားပြီး ညအချိန်တွင် ဆောင်ရွက်မည်ဖြစ်သည့်အတွက် ဂါလန်တစ်သန်းဆံ့ရေကန်သို့ ရေဝင်ရောက်မှု လျော့နည်းမည်ဖြစ်ကြောင်းနှင့် မြို့ရေပေးရေးလုပ်ငန်းမှာလည်း ရပ်ကွက်အလိုက် ရေရရှိမှုလျော့နည်း မည်ဖြစ်ကြောင်း သိရသည်။
ကိုစိုးကြီး