အိမ်မဲ ၆ ဇွန်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ရွှေပြည်တန်ခန်းမတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှကြီးမှူး ကျင်းပသည့် အများပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးတင်အောင်မိုးက အမှိုက်သိမ်းစနစ် ဆောင်ရွက်နေမှုအခြေအနေအား ဆွေးနွေးခြင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်က ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအချက်အလက်များ ဆွေးနွေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းဇော်က အမှိုက်သိမ်းဆည်းခြင်းနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော အခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့် စီမံချက်ပါအချက်အလက်များအား powerpoint ဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဆွေးနွေးပွဲတတ်ရောက်လာကြသူများက အများပြည်သူပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးအတွက် အကြံပြုဆွေးနွေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်၍ ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၃၀ဝ)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
"မြို့နယ်စည်ပင်သာယာရေး အဖွဲ့အနေဖြင့် အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးနှင့် အမှိုက်ကင်းစင်ရေးအတွက် နည်းလမ်း(၅)သွယ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းဇော်ကပြောကြားသည်။
ချစ်သက်လယ်(အိမ်မဲ)


