တာချီလိတ် ၆ ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပမည့် ကလေးစာပေပွဲတော်(တာချီလိတ်)ကို ဇွန် ၂၅ ရက်မှ ၂၆ ရက်အထိ တာချီလိတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

 

mdn

 

ကလေးစာပေပွဲတော်တွင် စာအုပ်ပြပွဲနှင့် စာအုပ်ရောင်းပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အိမ်တည်ဆောက်မှုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများ၊ မင်းသုဝဏ်ပြခန်း၊ ကျောက်စာနှင့် ကာတွန်းပြခန်း၊ တိုင်းရင်းသားယဉ်ကျေးမှုပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ ခွက်နင်း၊ ဖိနပ်စီး၊ ပူဖေါင်းညှပ်၊ ခါးကွင်းလှည့်၊ ဘန်းရွက်၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများဖြင့် ကျင်းပသွားမည်ဖြစ်သည့်အပြင် ကလေးစာပေပွဲတော်သို့ လာရောက်သည့် ပရိသတ်များအား ကျောက်ဆည်ဆင်အကများဖြင့် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်သည်။

 

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့၌ နှစ်ရက်တာ ကျင်းပမည့် ကလေးစာပေပွဲတော်သည် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း