ရန်ကုန် ၆ ဇွန်

 

ပြည်တွင်း စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေသည့် Yangon Petrol စက်သုံးဆီဆိုင်များ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြန့်ကြက်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေ သော်လည်း မြေနေရာအခက်အခဲရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

 

ပြီးခဲ့သည့် ဇွန်လ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲ တွင် ဝန်ကြီး ဦးဟံထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

Yangon petrol စက်သုံးဆီဆိုင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် ဆောင်ရွက်နေခြင်းဖြစ်ပြီး  အစိုးရအဖွဲ့နှင့် ဖက်စပ်ဆောင်ရွက်သည့် လုပ်ငန်းမဟုတ်ကြောင်း၊  အစိုးရအဖွဲ့အနေဖြင့် စက်သုံးဆီဈေးနှုန်း ထိန်းသိမ်းကြီးကြပ်နိုင်ရန်အတွက် သဘောတူချက်ဖြင့်သာ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

 

“Yangon petrol က ကျွန်တော်တို့ ရန်ကုန်တိုင်းအစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ သူရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ အတူ ဆောင်ရွက်နေတာဖြစ်ပါတယ်၊  ကျွန်တော်တို့ စုစပ်ဆောင်ရွက်နေတဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ ဈေးနှုန်းကြီးကြပ်နိုင်အောင် သဘောတူချက် ရယူဆောင်ရွက် ထားခြင်းဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ စက်သုံးဆီဈေးနှုန်းကို ကြည့်မယ်ဆိုလို့ရှိရင် တစ်လီတာ ၆၀ ဝန်းကျင်ကွာခြား ပါတယ်။ Yangon petrol က ရောင်းချတဲ့ ဆီဈေးနှုန်းနဲ့ အခြားပတ်ဝန်းကျင်ဆိုင်က ရောင်းချနေတဲ့ ဆီ ဈေးနှုန်းက တစ်လီတာကို ၆၀ ဝန်းကျင် ကွာပါတယ်။ အဲ့တော့ တစ်ဂါလန်ဆိုရင် ၂၄၀ ကျော် ၂၅၀ ဝန်းကျင် လောက် ကွာခြားနေတဲ့အတွက် Yangon petrol ဆိုင်တွေရှိတဲ့နေရာမှာ ကားတော်တော် များများ ထည့်ကြတာတွေ့ရပါတယ်။ တစ်တိုင်းလုံးမှာ ဖြန့်ကြက်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ ကျွန်တော်တို့အစိုးရ ကြိုးပမ်းဆောင်ရွက်နေပါတယ်”ဟု  ဦးဟံထွန်း က ပြောသည်။

 

သို့သော် စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရန် မြေနေရာအခက်အခဲရှိပြီး မြေရရှိနိုင်ရန်အတွက် မြေနေရာများ ရှာဖွေနေကြောင်း ၎င်းက ဆက်ပြောသည်။ 

 

“ကျွန်တော်တို့ရဲ့ အခက်အခဲကတော့ မြေနေရာ ရရှိမှုအခြေအနေကြောင့် နှောင့်နှေးနေတာ ဖြစ်ပါ တယ်၊ ဒါပေမယ့် ကြိုးစားဆောင်ရွက်သွားမှာပါ”ဟု  ဦးဟံထွန်း က ပြောသည်။

 

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် မူအတိုင်း ပြည်သူအကျိုးအတွက်အလို့ငှာ စက်သုံးဆီဈေးနှုန်းကို သက်သာစွာဖြင့် ပြည်သူများသုံးစွဲနိုင်ရေး စက်သုံးဆီရောင်းချမည့် မြေနေရာအား ယခင်ပေးခဲ့သည့်ဈေးနှုန်းထက် ဆက်လက်လျှော့ချဆောင်ရွက်နိုင်ရေး ကြိုးစားနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

 

“ယခင်က မြို့ထဲက စက်သုံးဆီဆိုင်အကုန်လုံးကို ၁၀ ရာခိုင်နှုန်းနဲ့ ပေးခဲ့တာဖြစ်ပါတယ်၊ တစ်ထောင်တန်ရင် တစ်ရာနဲ့ပဲ ပေးခဲ့တာဖြစ်ပါတယ်၊ အခု ကျွန်တော်တို့ ဒီထက်လျော့ပြီးတော့တောင် ဆောင်ရွက်သင့်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်၊ ဒါနဲ့ပတ်သက်ရင်လည်း နိုင်ငံတော်က ချမှတ်ထားတဲ့မူရှိပါတယ်၊ ပြည်သူတွေရဲ့ အကျိုးအတွက်အလို့ငှာဆိုရင် ဆောင်ရွက်ပေးရမှာရှိပါတယ်”ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။

 

လက်ရှိ Yangon petrol စက်သုံးဆီဆိုင်ကို စက်သုံးဆီရောင်းချရန် မြေနေရာအား တစ်စတုရန်းလျှင် ကျပ် ၄၈၀ဝ မှ ၂၀ဝ၀ ကြား ရောင်းချပေးနေခြင်းဖြစ်ပြီး ယင်းနေရာများသည် စက်သုံးဆီဆိုင်အတွက်သာဖြစ်ပြီး ဟိုတယ်ဆောက်လုပ်ခြင်း၊ ရှော့ပင်းမောလ်ဆောက်လုပ်ခြင်းများ လုပ်၍မရကြောင်း ဝန်ကြီးချုပ် က ဆက်ပြောသည်။

 

Yangon petrol စက်သုံးဆီဆိုင်အနေဖြင့် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် စက်သုံးဆီဆိုင် ၄ ဆိုင် ဖွင့်လှစ်ရောင်းချနေပြီဖြစ်ပြီး ဌာနဆိုင်ရာ မြေနေရာများပေါ်တွင် စုစုပေါင်း စက်သုံးဆီဆိုင် ၂၆ ဆိုင်ဖွင့်လှစ်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

 

ငြိမ်းငြိမ်း-နယူးလိုက်