ရန်ကုန်   ၆  ဇွန်


ရန်ကုန်တိုင်းဒေသကြီးအတွင်း CCTV ကင်မရာအလုံးပေါင်း သုံးထောင်နီးပါး တပ်ဆင်ထားသော်လည်း လုံလောက်မှုမရှိသည့်အတွက် မှုခင်းဖြစ်ပွားမှုများသည့် နေရာများတွင် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။


“တိုင်းဒေသကြီးအနေနဲ့ စုစုပေါင်း CCTV တပ်ဆင်ထားမှုဟာ ၁၁၃၈ နေရာ တပ်ဆင်ပြီး ဖြစ်ပါတယ်၊ အားလုံး ၂၉၉၅ လုံး ကျွန်တော်တို့ တပ်ဆင်ပြီးတဲ့အတွက် ဒီဟာသည် လုံလောက်မှုမရှိသေးပါဘူး၊ ကျွန်တော်တို့ ထပ်မံပြီးတော့မှ မှုခင်းဖြစ်ပွားမှုများတဲ့ နေရာတွေကို ဆက်လက်ဆာင်ရွက်မှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောသည်။


ပြီးခဲ့သည့် ဇွန် ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီး အောင်စိုးမိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။


ထို့ပြင် တရုတ်နိုင်ငံမှ ထောက်ပံ့ထားသည့် CCTV ကင်မရာ အလုံး ၂၄၀ ရရှိထားပြီး ယင်းအနက် ၁၄၀  ကို လှိုင်သာယာတွင် တရားဥပဒေစိုးမိုးရေး အလေးထားဆောင်ရွက်နိုင်ရန်အတွက် တပ်ဆင်သွားမည်ဖြစ်ကာ ကျန်အလုံးများကိုလည်း လစ်လပ်သည့် နေရာများတွင် ထပ်မံတပ်ဆင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။


ထို့ပြင် လက်ရှိ သုံးနှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းအဖြစ်များသည့် မြို့နယ်များ စာရင်းပြုစုထားပြီး ယင်းနေရာများအပြင် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင်လည်း CCTV ကင်မရာ တပ်ဆင်သင့်သည့် နေရာများကို စိစစ်ကာ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးသည် လူဦးရေ ခုနစ်သန်းကျော်နေထိုင်သည့် မြို့ကြီးဖြစ်ပြီး လုံခြုံရေးပိုင်း ဆောင်ရွက်ရာတွင် ကျယ်ပြန့်သည့် နေရာတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် ပတ်သက်၍ အမှတ်(၂) လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရှိပြီး ယင်းအဖွဲ့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အပြင် တန်ခိုးကြီးဘုရားများ၊ အရေးကြီးအဆောက်အဦများ၊ အရေးကြီးပုဂ္ဂိုလ်များ၏ နေအိမ်များ၊ သံရုံးနှင့် သံတမန်များ၏ လုံခြုံရေးများ၊ ပြည်ပမှ မြန်မာနိုင်ငံသို့ လာရောက်သည့် အထင်ကရပုဂ္ဂိုလ်များ၏ ခရီးစဉ်များ၊ နိုင်ငံခြားသား ဧည့်သည်တော်များနှင့် ပြည်သူလူထု၏ လုံခြုံရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးကြီး အောင်စိုးမိုး က ပြောသည်။


“ကျွန်တော်တို့ ရန်ကုန်မြို့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့မှ အမှတ်(၂)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ဆိုတာ ရှိပါတယ်၊ ဒီလုံခြုံရေးအဖွဲ့ကဆိုရင် ကျွန်တော်တို့ရဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ ရွှေတိဂုံစေတီတော်အပါအဝင် ကျွန်တော်တို့နိုင်ငံရဲ့ အထွတ်အမြတ်ဖြစ်တဲ့ နေရာတွေ လုံခြုံရေးတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်၊ မကြာသေးမီကာလကလည်း နိုင်ငံတကာမှာ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာရှိပါတယ်၊ ဒါ့ပြင် အခြားသတင်းတွေလည်း ရထားတာရှိတဲ့အတွက် ကျွန်တော်တို့မြို့ရဲ့ လုံခြုံရေးကို ထိထိ ရောက်ရောက်ဖြစ်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်”ဟု  ဗိုလ်မှူးကြီး အောင်စိုးမိုး က ပြောသည်။


ထို့ပြင် လုံခြုံရေးနှင့် ပတ်သက်၍ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေ စိုးမိုးရေးအပိုင်းများကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အနေဖြင့် နယ်မြေအလိုက် စခန်းအလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန်မြို့တွင် ရဲတပ်ဖွဲ့ဝင် အင်အားမှာ ဝန်နှင့်အား မမျှသည့်အတွက် နည်းပညာအကူအညီဖြင့် ဆောင်ရွက်နေရကြောင်း ၎င်းက ထပ်မံပြောကြားသည်။


ငြိမ်းငြိမ်း