ရန်ကုန် ၆ ဇွန် 


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ MIU အသင်း ဗိုလ်စွဲသွားသည်။


တတိယနေရာလုပွဲတွင် GV Athletic အသင်းနှင့် ရွှေမြဝတီအသင်းတို့ သာမန်ပွဲကစားချိန် မိနစ် ၄၀ ပြည့်သည်အထိ နှစ်ဂိုးစီသရေကျနေ၍ ပယ်နယ်တီဖြင့်ဆုံးဖြတ်ရာ GV Athletic အသင်းက သုံးဂိုး-တစ်ဂိုး၊ စုစုပေါင်း ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲတွင် ဖူဆယ်လိဂ်၏ ထိပ်သီးနှစ်သင်းဖြစ်သော MIU အသင်းနှင့် VUC အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး MIU အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ MIU အသင်းသည် နှစ်ဂိုးအရှုံးမှ သုံးဂိုးပြန်သွင်းကာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သည်။ VUC အသင်းသည် ဒုတိယပိုင်းအစထိ နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်သော်လည်း အနိုင်ရလဒ်ကိုမထိန်းနိုင်၍ ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။ VUC အသင်းအတွက် ဦးဆောင်ဂိုးများကို ကောင်းဇော်ထက်နှင့် အောင်ဇင်ဦး (ပယ်နယ်တီ) တို့က သွင်းယူပြီး MIU အသင်းအတွက် ဂိုးများကို ပြည့်ဖြိုးမောင်-၂၊ ကိုကိုလွင်နှင့် လှိုင်မင်းထွန်းတို့က သွင်းယူခဲ့သည်။ 


ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြင့်ပွဲကို ကျင်းပရာ ဗိုလ်လုပွဲအကောင်းဆုံးဆုကို ငြိမ်းမင်းစိုး (VUC)၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကို ငြိမ်းမင်းစိုး (VUC)၊ အကောင်းဆုံးဂိုးသမားဆုကို ရန်ပိုင်ဟိန်း (MIU)၊ အသန့်ရှင်ဆုံးအသင်းဆုကို ရွှေမြဝတီအသင်း၊ စတုတ္ထဆုကို ရွှေမြဝတီအသင်း၊ တတိယဆုကို GV Athletic အသင်း၊ ဒုတိယဆုကို VUC အသင်း၊ ပထမဆုကို MIU အသင်းတို့က ရရှိခဲ့သည်။ ဆုကြေးများအဖြစ် ပထမဆု-ကျပ်သိန်း ၅၀၊ ဒုတိယဆု-ကျပ်သိန်း ၃၀၊ တတိယဆု-ကျပ်သိန်း ၂၀၊ စတုတ္တဆု-ကျပ် ၁၀ သိန်း၊ အသန့်ရှင်းဆုံးအသင်းဆု-ကျပ်ငါးသိန်း၊ အကောင်းဆုံးဆုနှင့် ဂိုးသမားဆုကို ကျပ်သုံးသိန်းစီ ချီးမြင့်ခဲ့ပြီး ပထမဆုရ MIU အသင်းကို ချန်ပီယံဆုဖလား ချီးမြင့်ခဲ့သည်။ ဆုများကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြင့်သည်။


သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ဖိုးသော်ဇင်