မြစ်ကြီးနား   ၆   ဇွန်

နယ်မြေအခြေအနေအရ (၈)နှစ်ကျော် ပိတ်ထားခဲ့ရသည့် အခြေခံပညာအလယ်တန်းကျောင်း၊ နန်ဆန်ယန်တွင် ပြန်လည်ရွေ့ပြောင်းနေထိုင်သူများ၏ သားသမီးများအား ပညာသင်ကြားပေးနိုင်ရေးအတွက် သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ/ဆရာမများအား ယနေ့ နံနက်ပိုင်းတွင် မိုင်းနားအခြေခံပညာအထက်တန်းကျောင်း၌ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

 

mdn

 

ပြည်နယ်လူမှုရေးဝန်ကြီးဦးနေဝင်းက တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများအား စိုးရိမ် ပူပန်မှုများစွာရှိမည်ဖြစ်သော်လည်း ပညာရေးအတွက် ကြိုးပမ်းတာဝန်ထမ်းဆောင်ပေးကြရန်၊ အခက်အခဲများရှိပါက အချိန်မရွေးတင်ပြနိုင်ကြောင်းနှင့်  ကျန်းမာရေးအထူးဂရုစိုက်ကြရန် အားပေးမှာကြားပြီး ကျောင်းအဆောက်အဦအမြန်ဆုံးပြုပြင်ပေးနိုင်ရေး၊ ဆရာ/ဆရာမများ၏နေထိုင်စားသောက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့နှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးက တာဝန်ကျဆရာ/ဆရာများအား အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ငွေကျပ်(၁)သိန်းနှင့် ဆန်(၂)အိတ်၊ ဆီ(၁)ပုံး၊ဆား(၁၅)ပိဿာ၊ငါးခြောက်(၃)ပိဿာ၊ မီးသွေး(၁၀)အိတ်တို့ကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျောင်းအခြေအနေနဲ့ပတ်သက်ပြီး မြို့နယ်ပညာရေးမှူး ဦးမွန်ကျော်မြင့်က “ဆရာ/ ဆရာမတွေ အတွက် နေအိမ်စီစဉ်ထားပေးပါပြီ၊ အခုသွားမှာက ကျောင်းအုပ်ဆရာမကြီးအပါအဝင် (၁၃)ယောက်ပါ၊ ဟိုကပြောင်းရွေ့မိသားစုတွေမှာတော့ ကျောင်းသား (၁၅၀)ကျော်လောက်ရှိပါတယ်၊ ကျောင်းအဆောက် အဦကတော့ ထိခိုက်ထားမှုကြောင့် ပျက်ဆီးမှုတွေရှိတယ်၊ ပိတ်ထားတာလည်းကြာပြီဆိုတော့ ဆွေးမြေ့ နေတာတွေလည်းရှိတယ်၊ အမြန်ဆုံးပြင်ဆင်နိုင်ဖို့လည်း ဆောင်ရွက်ထားပါပြီ၊ မိုင်းလည်းရှင်းထားပြီးဖြစ်တယ်”ဟု ကျောင်းအခြေအနေနှင့် ပတ်သက်ပြီး ပြောပြသည်။

ပြည်နယ်ပြန်/ဆက်