ဘုတလင်  ၆  ဇွန်


စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ မောင်းထောင်၊ ဒါန်းတိုင်၊ စိုင်ပြင်လေး၊ ကြက်ရိုးကုန်းနှင့် ဆည်ဝရွာသစ်ကျေးရွာ(၅)ရွာတွင် အစုလိုက် သေဆုံးမှုဖြစ်ပေါ်ခဲ့သည့် ကြွက်ဝမ်းပူများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနသို့ ပေးပို့ခဲ့ရာ ၎င်းကြွက်များတွင် ပလိပ်ရောဂါပိုး မတွေ့ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။


ပလိပ်ရောဂါပိုးများကို သယ်ဆောင်နိုင်သည့် ကြွက်သန်းများ ရရှိရေးအတွက် ကြွက်အရှင်များ ဖမ်းဆီးရမိရန် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးအဖွဲ့က မောင်းထောင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

1


ကြွက်သန်းများ ရရှိအောင် ကြွက်များကို ထောင်ချောက်(၁၀)လုံးဖြင့် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြွက်သေဆုံးမှုများသည့် နေအိမ်များတွင် ကြွက်ထောင်ချောက်များကို ချထားမည် ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသည့် ကြွက်များကို ဓာတ်ခွဲဌာနသို့ ပေးပို့ပြီး ကြွက်သန်းများကို ထပ်မံစစ်ဆေးသွားမည်ဟု သိရှိရပါကြောင်း မောင်းထောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်က ပြောသည်။


မောင်းထောင်ကျေးရွာတွင် ကျန်းမာရေးဦးစီးဌာနမှ ယာယီဆေးခန်း ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေး စောင့်ကြည့်မှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကြွက်များ ထပ်မံသေဆုံးမှု မရှိတော့ကြောင်း သိရသည်။


မြို့နယ်ပြန်/ဆက်(ဘုတလင်)