၆ ဇွန်
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ အမျိုးသမီးဘောလုံး ညီလာခံ (FIFA Women Football Convention)ကို ယနေ့နံနက်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အမျိုးသမီးလိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်လျက် ရှိသည်။
ယင်းညီလာခံတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဖီဖာအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ နာမည်ကျော်ဘောလုံးသမားများ တက်ရောက်နေပြီး အမျိုးသမီးဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲများ၊ စကားဝိုင်းများ၊ နှီးနှောဖလှယ်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ယင်းညီလာခံကို ဇွန် ၇ ရက်တွင်လည်း ဆက်လက် ကျင်းပမည်ဖြစ်ပြီး ညနေပိုင်းတွင် ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၉ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဖွင့်ပွဲနှင့်အဖွင့်ပွဲဖြစ်သည့် အိမ်ရှင်ပြင်သစ်နှင့် တောင်ကိုရီးယားပွဲကို မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) အမျိုးသမီးလိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ကြည့်ရှုမည်ဖြစ်သည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-MFF