မျက်မှောက်ကာလတွင် လူအများသည် လတ်တလောအားဖြင့် မျက်လုံး၊ နှာခေါင်းနှင့် လည်ချောင်းများ ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ မဝခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ရောက်ခြင်းတို့ ဖြစ်တတ်သည်။ ကာလကြာသောအခါ ပန်းနာရင်ကျပ်ရောဂါ၊ နာတာရှည်အဆုတ်ပွရောဂါ၊ နှလုံးသွေးကြောရောဂါများ ပိုမိုဆိုးရွားကာ နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် အဆုတ်ကင်ဆာရောဂါတို့ဖြစ်ပွားပြီး အချိန်မတိုင်မီသေဆုံးခြင်းတို့ ဖြစ်ပေါ်သည်ကို တွေ့ရသည်။
ထိုသို့ဖြစ်ပွားခြင်းသည် မသန့်ရှင်းသောလေကို လူတို့နေ့စဉ် ရှူရှိုက်နေရသောကြောင့် ဖြစ်သည်။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ်မှုအရ ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်ချက်ပြုတ်ရန်အတွက်ထင်း၊ မီးသွေးနှင့် အခြားရုပ်ကြွင်းလောင်စာများကို အသုံးပြုရာမှ အိမ်တွင်း နှင့် စက်ရုံ၊ အလုပ်ရုံ လေထုညစ်ညမ်းမှုများကြောင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများဖြစ်ပြီး နှစ်စဉ် လူ ၄ ဒသမ ၃ သန်းခန့် သေဆုံးပြီး စက်မှု၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍများမှ အခိုး အငွေ့ထုတ်လွှတ်မှုများ၊ တောမီးလောင်ကျွမ်းမှု၊ သဲနှင့် ဖုန်မှုန့်များပါရှိသည့် လေတိုက်ခတ်ခြင်း စသည့်လေထုညစ်ညမ်းမှုဖြစ်ပေါ်သောကြောင့်နှစ်စဉ် လူ ၃ ဒသမ ၇ သန်းခန့် သေဆုံးသည်ဟု သိရသည်။
ထို့ကြောင့် လေထုညစ်ညမ်းမှုအမျိုးမျိုးတို့ကြောင့် ကမ္ဘာပေါ်တွင်နှစ်စဉ်လူဦးရေ ရှစ်သန်းခန့် သေဆုံးနေပြီး အဆိုပါသေဆုံးမှုများသည်မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနှင့် အနောက်ပစိဖိတ်ဒေသ များတွင် အများဆုံးဖြစ်၍ ဖြစ်ပွားသူများတွင် အမျိုးသမီးများနှင့် ကလေးများ အများဆုံး ခံစားရသည်ဟု သိရသည်။ လေထုညစ်ညမ်းမှုတွင် အိမ်တွင်း၊ အလုပ်တွင်းညစ်ညမ်းမှုနှင့် ပြင်ပလေထုညစ်ညမ်းမှုဟူ၍ရှိရာ လူဦး ရေထူထပ်သော ရန်ကုန်မြို့ကဲ့သို့မြို့ကြီးတွင် ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကို ထင်ထင်ရှားရှား တွေ့နိုင်ပေသည်။
၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လူသားများသည်ကောင်းစွာအသက်ရှင်နေထိုင်ရန်အတွက် သန့်ရှင်းသောရေကိုသောက်သုံးရန်၊ သန့်ရှင်းသည့် အစားအသောက်များကိုစားသုံးရန်လိုအပ်သကဲ့သို့ သန့်ရှင်းသည့်လေကို အချိန်တိုင်း နေ့စဉ်ရှူရှိုက်နိုင်ရန်လိုအပ်ပါကြောင်း၊ သို့မှသာ အနာရောဂါကင်းရှင်းပြီး တစ်ဦးချင်းစီကျန်းမာဖွံ့ဖြိုးမှုမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ကောင်းကျိုးအဖြာဖြာကိုလုပ်ဆောင်ပေးနိုင်မည် ဖြစ်သည့်အတွက် သန့်ရှင်းသောလေကိုရှူရှိုက်ရန် “လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဆောင်ပုဒ်နှင့် ပြည်သူများ အသိပညာပိုမိုနိုးကြားလာစေရေးကို အလေးထား ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားအနေဖြင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုဆိုင်ရာ စိန်ခေါ်မှုပြဿနာများတွင် လေထုညစ်ညမ်းမှုပြဿနာသည် အထက်တွင်ဆိုသကဲ့သို့ လူသားများ၏ အသက်အန္တရာယ်ကို များစွာခြိမ်းခြောက်နေသဖြင့် အရေးတကြီး ဦးစားပေးအလေးထား ဖြေရှင်းဆောင်ရွက်သွားရန်လိုအပ်နေပြီဖြစ်သည်ကို ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား၏ဆောင်ပုဒ်ဖြစ်သည့် “လေထုညစ်ညမ်းမှုတိုက်ဖျက်စို့” (Beat Air Pollution) စာတန်းဖြင့် မီးမောင်းထိုး ပြသထားသည်။
သို့ဖြစ်ရာ လက်ငင်းရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုပြဿနာများကို ဝိုင်းဝန်းဖြေရှင်းနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးကို အထောက်အကူဖြစ်စေမည့် မိမိတို့၏နေ့စဉ် ပြုမူနေထိုင်မှုပုံစံများကိုပြုပြင်ပြောင်းလဲပြီး အမျိုးသားအကျိုးစီးပွား ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အလေးထားကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ကြေးမုံ


