စလင်း ၇ ဇွန်
မင်းဘူးခရိုင်၊ စလင်းမြို့ ပက်မြန်မာရုံး၏ အပူပိုင်းဒေသအရပ်ဖက်အဖွဲ့အစည်းများအတွက် အသေးစားထောက်ပံ့ရန်ပုံငွေအစီအစဉ်ဖြင့် တညောင်ကျေးရွာ Youth Initiative (cso)လူမှုကူညီရေးအဖွဲ့မှ ဝါးထည်မှ လူသုံးကုန်လက်မှုပစ္စည်း ထုတ်လုပ်ရေးသင်တန်းကို တညောင်းကျေးရွာ အောင်ချမ်းသာခန်းမတွင် မေလ ၂၇ ရက်နေ့မှစ၍ သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အင်းလေးဒေသမှ ဝါးလက်မှုပညာရှင်အား ဖိတ်ခေါ်၍ တညောင်ကျေးရွာအုပ်စုအတွင်းမှ တညောင်၊ မန်ကျီးစင်၊ ထူးကြီးကျေးရွာများမှ သင်တန်းသား ၃၀ ဦးအား အခြေခံပစ္စည်းကိရိယာများ ကိုင်တွယ်အသုံးပြုနည်းမှစ၍ လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဝါးကုလားထိုင်၊ စားပွဲ၊ ကုတင်များ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဧည့်ခန်းအလှဆင်ပစ္စည်းများ၊ အိပ်ခန်းအလှဆင်ပစ္စည်းများကို ကုန်းကြမ်းမှ အဆင့်မြင့်ကုန်ချောဝါးထည်ပစ္စည်းများ ထုတ်လုပ်နိုင်သည်အထိ သင်ကြားပေးလျှက်ရှိသည်။
တညောင်ကျေးရွာ Youth Initiative(cso)လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျမှ ပြောကြားရာတွင် “မိမိတို့အဖွဲ့အနေဖြင့် ဝါးထည်လက်မှုကုန်ချောပစ္စည်းထုတ်လုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ယခင်ဒေသခံတောင်သူများအနေဖြင့် ဝါးမှ နှီး၊ ထရံ၊ ဇလီ၊ သက်ကယ်များသာ ရက်လုပ်ကြပြီး ယခုလိုဝါးမှ အိမ်သုံးလက်မှုပစ္စည်းများ၊ ပရိဘောဂစ္စည်းများ ထုတ်လုပ်ရောင်းချနိုင်ရန် နည်းပညာအကူအညီ ပေးနိုင်ခြင်းကြောင့် မိသားစုဝင်ငွေတိုးလာမည်ကြောင်း” ပြောသည်။
မြန်မာနိုင်ငံ ဝါးစိုက်ပျိုးသူများအသင်း အတွင်းရေးမှူး ဦးမြင့်ဟန်ကလည်း “ဒေသထွက် ဝါးမှ ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာခြင်းကြေင့် ဝါးစိုက်ပျိုးသူများပြားလာကာ ပတ်ဝန်းကျင်စိမ်းလမ်းစိုးပြေရေး အထောက်အကူပြုမည်ဖြစ်ကြောင်း ယခင်နှစ်တွင် တညောင်၊ မန်ကျီးစင်နှင့် ရေယဉ်ကျေးရွာများရှိ မြေလွတ် မြေရိုင်းများတွင် ဝါးပင် ၆၆ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း” ပြောကြားသည်။
အဆိုပါသင်တန်းကို မေလ၂၇ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိသင်ကြားပေးခြင်းဖြစ်ပြီး ယခုသင်တန်းမှစွန့်ပြစ်ပစ္စည်းများအား ဝါးမီးသွေးတောင့်၊ ဝါးမီးသွေးဆပ်ပြာ၊ ဝါးပေါင်းခံရည်ဆပ်ပြာ ထုတ်လုပ်နည်းသင်တန်းကို မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းနှင့် ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးသူ (စလင်း)
