မင်းလှ ၇ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးရွာများမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာနှစ်ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဥယျာဉ်ကျေးရွာတွင်းလမ်းကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ယမန်နေ့က လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥယျာဉ်ကျေးရွာတွင်းလမ်းအား အရှည် ပေ ၈၀ဝ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ်သိန်း ၉၀ နှင့် ပြည်သူထည့်ဝင်ငွေ ၁၀ သိန်း၊ စုစုပေါင်းငွေကျပ်သိန်း ၁၀ဝ ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ယခု ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် မြေခြားကျေးရွာ မြေသားရေကန်ပြုပြင်ခြင်းလုပ်ငန်းနှင့် ဥယျာဉ်ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ခြင်းကို မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းနှင့် ပြည်သူလူထုပါဝင်ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်းငွေကျပ်သိန်း ၁၉၀ ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ကျေးရွာတွင်းလမ်းများနှင့် မြေသားရေကန်များ ဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိခြင်း၊ လမ်ပန်းဆက်သွယ်ရေးကောင်းမွန်ကာ ကျေးရွာမှထွက်ကုန်များ ကုန်စည်စီးဆင်းမှု မြန်ဆန်လာခြင်းနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ယခင်ထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ က ပြောသည်။
ဇာဇာ(ပြန်/ဆက်)