မူဆယ် ၇ ဇွန်
၂၀၁၉ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်လုံးကျွတ် ကျောင်းပေါင်းစုံ (၂၂) ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က မူဆယ်မြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ အပေါင်းအသင်းရွေးချယ်ပါ၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ မူးယစ်ရန်မီး ငြှိမ်းသတ်စို့၊ နိုင်ငံကိုချစ် လူမျိုးချစ်၊ မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်၊ မျိုးဆက်သစ် ဘဝလှပဖို့ မူးယစ်ဟူသမျှ ရှောင်ရှားစို့ စသည့်ခေါင်းစဉ်များအလိုက် စိတ်ကြိုက်ရွေးချယ်ကာ ပြိုင်ပွဲဝင်ကြသည်။
အဆိုပါပြိုင်ပွဲ၌ ကျောင်းသား/သူ အင်အား (၁၅၇)ဦးမှ ပန်းချီပြိုင်ပွဲတွင် (၅၆)ဦး၊ ကာတွန်းပြိုင်ပွဲတွင်(၅၀)၊ ပိုစတာပြိုင်ပွဲတွင်(၄၈)ဦးနှင့် ကွန်ပျူတာပိုစတာပြိုင်ပွဲတွင်(၃)ဦးတို့ အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ထိန်းလင်း၊ မူဆယ်ခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ တပ်ဖွဲ့စုမှူး ရဲမှူး စိုင်းကိုကိုလတ်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက ပြိုင်ပွ ဝင်နေသော ကျောင်းသား/ကျောင်းသူများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
မူဆယ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၂၂)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ၌ ဆုရရှိသူများကို ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများကိုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရှိရသည်။
MDN