မန္တလေး ၇ ဇွန်
မင်းတုန်းမင်းတြားကြီးလက်ထက်ကတည်းက တည်ဆောက်ခဲ့သည့် ဒိုင်အိုစီဇင် သံတဲကျောင်း နှစ် ၁၅၀ ပြည့်အခမ်းအနားကို ယနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဒိုင်အိုစီဇင် သံတဲကျောင်း နှစ် ၁၅၀ ပြည့် အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် တက်ရောက်ခဲ့သည်။
"မင်းတုန်းမင်းတြားကြီးက အင်မတန်ဉာဏ်အမြော်အမြင်ကြီးမားတယ်။ ပြီးရင် ကမ္ဘာကိုကြည့်တဲ့အမြင်ရှိတဲ့ အဲဒီခေတ်အခါ ဒုတိယအောက်မြန်မာပြည်ကို အင်္ဂလိပ်က သိမ်းထားတာ။ အင်္ဂလိပ်စာ၊ သိပ္ပံပညာတတ် ဖို့လိုတယ် ဆိုပြီး သာသနာပြုအဖွဲ့ကိုခေါ်ပြီး သုံးဆယ်မင်းသားကြီးအကူညီနဲ့ဖြစ်လာတယ်။ မင်းညီမင်းသားတွေက ဆင်စီး မြင်းစီးပြီးလာကြတယ်။ ဆင်ချည်တဲ့တိုင်ကြီးတွေကို ခုထိရှိတာတွေ့ရပါတယ်။ အင်္ဂလိပ်စာတွေတတ်ကျွမ်းလာတယ်။ အင်မတန်လေးစားဖို့ကောင်းတယ်'' ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောသည်။
မင်းတုန်းမင်းတြားကြီးက မြန်မာကို ကမ္ဘာကသိစေရန်၊ အမြင်ကျယ်စေရန်မျှော်မှန်းပြီး အင်္ဂလိပ်ခရစ်ယာန် သာသနာပြုလောကဓာတ် (ခေတ်) ပညာကျောင်းဖွင့်လှစ်သင်ကြားခဲ့ခြင်း ဖြစ်သည်။
မင်းတုန်းမင်းဟာ အင်္ဂလိပ်ခရစ်ယာန် သာသနာပြု စာသင်ကျောင်း လာရောက်ဖွင့်လှစ်ရန် ဆရာမှတ်ကြီး (John Ebenezer Marks) ကို ဖိတ်ခေါ်ခဲ့သည်။
ဆရာမှတ်ကြီးသည် မင်းတုန်းမင်း၏ ဖိတ်ကြားချက်အရ ရန်ကုန် စိန်ဂျွန်ကျောင်းက အတော်ဆုံးတပည့် ခြောက်ဦးကို ခေါ်ယူပြီး ၁၈၆၉ ခုနှစ်၊ ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့သည်။
" ဒီနေ့က နှစ် ၁၅၀ ပြည့်ခဲ့ပါပြီ။ ကျောင်းရဲ့ ကျေးဇူးရှင်တစ်ဦးက မင်းတုန်းမင်းတြားကြီး၊ သုံးဆယ်မင်းသားကြီး၊ ဆရာမှတ်ကြီးတို့ကိုကျေးဇူးတင်ပါတယ်။ ဒိုင်အိုစီဇင် သံတဲ အထက်တန်းကျောင်းက တစ်နိုင်ငံလုံးမှာ ရှေးအကျဆုံးအထက်တန်းကျောင်း ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ မင်းတုန်းမင်းကြီးကစခဲ့တာ'' ဟု ဒိုင်အိုစီဇင် သံတဲကျောင်း နှစ် ၁၅၀ ပြည့်အခမ်းအနား ဖြစ်မြောက်ရေးကောင်မတီ ဥက္ကဋ္ဌ ဦးဌေးကြွယ် (အောင်ရတနာ) ကပြောသည်။
ဒိုင်အိုစီဇင် သံတဲကျောင်းသည် ယခု မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အရှေ့ရပ်ကွက်၊ ၈၆ လမ်း ၊ ၂၂ လမ်း နှင့် ၂၃ ကြား ယခုအမှတ် ၁၀ အထက်တန်းကျောင်းနေရာတွင် တည်ရှိသည်။
အိမို့မို့ခိုင်