မန္တလေး  ၇  ဇွန် 

 

ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြို အသိပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂လမ်း နှင့် မြဝတီမင်းကြီးလမ်းဒေါင့်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ထွန်းသစ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာဇော်မင်းလွင်က "မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ’’ခေါင်းစဉ်ဖြင့် အသိပညာဟောပြောပြီး သပြေညိုကိုယ်ပိုင်ကျောင်း ဆရာ ဦးကျော်သီဟက "မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်စို့’’ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။

 

"ကျွန်တော်တို့ ကျောင်းသားလူငယ်များအနေဖြင့် ခုလိုမူးယစ်ဆေးဝါးအသိပညာပေး ဟောပြောပွဲတွေ လာရောက်ခွင့်ရတာ အရမ်းအကျိုးရှိပါတယ်၊ မူးယစ်ဆေးဝါးက ဘယ်လိုဆိုးကျိုးတွေဖြစ်မယ်၊ ဘယ်လိုအန္တရာယ်ရှိတယ်၊ ဒီမူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အန္တရာယ်တွေကို ကျွန်တော်တို့လို ကျောင်းသာလူငယ်တွေ ဘယ်လိုရှောင်ရမယ်၊ ဒါတွေ နားလည် သွားတယ်၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ စာစီစာကုံးပြိုင်ပွဲတွေမှာလည်း ဒါတွေပြန်လည်အသုံးချသွားမှာပါ’’ ဟု ထွန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ နဝမတန်းကျောင်းသား မောင်ဇင်မိုးထက်အာကာထွန်း က ပြောပြသည်။

 

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)